News

POST TYPE

NEWS

မြန်မာလိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲကို သြဂုတ်လဆန်းပိုင်းတွင် ကျင်းပနိုင်ရန် မျှော်မှန်း
29-May-2020


ရန်ကုန်၊ မေ ၂၈

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် 2020 MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို သြဂုတ်လဆန်းပိုင်းတွင် ပြန်လည်ကျင်းပဖွယ်ရှိနေကြောင်း မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံအပါဝင် ကမ္ဘာ့တစ်ဝန်း၌ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အခြေနေကြောင့် ကျင်းပပြုလုပ်နေသည့်  မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို မေလ ၂၄ ရက်မှ စတင်ကာရက်အကန့်အသက်မရှိ ရွှေ့ဆိုင်းထားခြင်း ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေနှင့် လက်ရှိတွင် လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အတူ ပြန်လည်ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။ 

လိဂ်ပြိုင်ပွဲ ပြန်လည်ကျင်းပရန် စီစဉ်နေခြင်းနှင့်ပတ်သက်၍ ဦးစိုးမိုးကျော်က "နိုင်ငံတော်အစိုးရက အခြေခံပညာကျောင်းတွေကို ဇူလိုင်လထဲ ပြန်ဖွင့်တော့မယ်လို့ ကြေညာစီစဉ်နေပြီဆိုတော့ ကျွန်တော်တို့ဘောလုံးပွဲတွေလည်း နောက်အကျဆုံး သြဂုတ်လဆန်းလောက် ပြန်လည်ကျင်းပနိုင်ဖို့ မျှော်လင့်နိုင်ဖွယ်ရှိလာပြီလို့ မျှော်မှန်းမိပါတယ်။ ကျန်းမားရေးလမ်းညွှန်ချက် တွေနဲ့အညီ စနစ်တကျပြန်ကျင်းပနိုင်ဖို့ အတွက်လည်း ကျွန်တော်တို့အနေနဲ့ A Plan, B Plan တွေချမှတ်ပြီး သက်ဆိုင်ရာကို တင်ပြခွင့်ပြုချက်ရယူပြီးဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပါတယ်"ဟု ပြောကြားခဲ့သည်။ 

"ပြိုင်ပွဲကျင်းပရေးက တရားဝင်အကြောင်းမကြားသေးလို့ လေ့ကျင့်ခန်းပြန်မစသေးဘူး။ ပြိုင်ပွဲကျင်းပရေးက  တရားဝင်အကြောင်းကြားမှ လေ့ကျင့်ခန်း ပြန်လုပ်မှာပါ။ လက်ရှိအချိန်မှာတော့ ကစားသမားတွေ ကိုယ်ပိုင်လေ့ကျင့်ခန်း တွေလုပ်ဖို့ကိုသာ ပြောထားပါတယ်"ဟု  ရှမ်းယူနိုက်တက်အသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနေရှင်နယ်ကော်မတီသည် ပြိုင်ပွဲများ ပြန်လည်ကျင်းပပါက အသင်းများ ခရီးသွားလာရမှုမရှိစေရန် ရန်ကုန်မြို့၌သာ စတင်ကျင်းပရဖွယ်ရှိနေသည်။ အသင်းများပြင်ဆင်ချိန် ရရှိရန်အတွက် တစ်လ သို့မဟုတ် ၃ ပတ်ကြိုတင် အကြောင်း ကြားပေးမည်ဖြစ်ကြောင်း ဦးစိုးမိုးကျော်က ထပ်မံပြောကြားခဲ့သည်။ 

ယခုရာသီ ပြည်တွင်းပွဲများကို  ရန်ကုန်မြို့တွင် သုဝဏ္ဏ၊ YUSC ၊ စလင်း၊ ပဒုမ္မာ၊ တောင်ဒဂုံနှင့် တက္ကသိုလ်ကွင်းများ၌ ကျင်းပလျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၀)ပွဲ ယှဉ်ပြိုင်ပြီး ချိန်တွင် ဟံသာဝတီအသင်းက ရမှတ် ၂၇ မှတ်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေသည်။

ငြိမ်းပြည့်