News

POST TYPE

NEWS

ကုမ္ပဏီ ၈၀ ထံမှ ဆန်တန်ချိန် ၂၂,ဝ၀ဝ ကျော် ဝယ်ယူလက်ခံထား
29-May-2020
ရန်ကုန်၊ မေ ၂၈

နိုင်ငံတော်၏ အရန်ရိက္ခာအစီအစဉ်အရ ပြည်ပသို့ဆန်တင်ပို့မည့် ကုမ္ပဏီ ၈၀ ခုထံမှ ဆန်တန်ချိန် ၂၂,ဝ၀ဝ ကျော် ဝယ် ယူထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

မေလ ၂၇ ရက်နေ့အထိ သိုလှောင်ရုံ ၅ ရုံတွင် ဆန်တန်ချိန် ၂၂,ဝ၀ဝ ကျော်ကို ပြည်ပသို့ဆန်တင်ပို့မည့်ကုမ္ပဏီ ၈၀ ခုထံမှ သတ်မှတ်ထားသည့် စချိန်စံညွှန်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝယ်ယူလက်ခံထားကြောင်းသိရသည်။

"အရန်ဆန်ဝယ်တဲ့ဈေးက နည်းတယ်။ ဆန်တစ်တန်ကို တော်တော်ရှုံးတယ်။ အရင်းကိုမရဘူး။ အရှုံးခံပေးရတာ" ဟု ဆန်ကုန်သည်တစ်ဦးဖြစ်သူ ဦးဆွေဦးက သုံးသပ်ပြောကြားသည်။

အရန်ရိက္ခာအစီအစဉ်အရ အရန်ဆန်များကိုဝယ်ယူခြင်း၊ စစ်ဆေးခြင်း၊ လက်ခံခြင်း၊ သိုလှောင်ခြင်းလုပ်ငန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITS နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ ဧပြီလ ၃၀ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြည်ပသို့ဆန်တင်ပို့ခြင်းနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် မေလအတွက် ပင်လယ်ရေကြောင်းမှ ဆန်ပြည်ပတင်ပို့ရန် ကုမ္ပဏီ ၁၀၃ ခုကို အဆိုပြုတင်ပြထားပြီး ကုမ္ပဏီ ၁၀၃ ခုစာရင်းတွင် မပါဝင်သည့်၊ ပြည်ပတင်ပို့လိုသည့်အခြား ကုမ္ပဏီအသစ်များအနေနှင့် ၁၂၅ တန် အထိ တင်ပို့ရန်လျှောက်ထားနိုင်ကာ ပြည်ပတင်ပို့မည့် ကုမ္ပဏီများအနေနှင့်  အရန်ဆန် ၁၀ ရာခိုင်နှုန်းကို သတ်မှတ်ဈေးနှုန်းဖြစ်သည့် ၂၁,၆၀ဝ ကျပ်အား စားသုံးသူရေးရာ ဦးစီးဌာနသို့ ပေးသွင်းရောင်းချပြီးမှ ပို့ကုန်လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း ယင်းအသင်း ချုပ်ထံမှ သိရသည်။

Exporter မဟုတ်သော်လည်း အရန်ဆန်ရောင်းချလိုသည့် စက်ပိုင်/ ကုန်သည်/အဖွဲ့အစည်းများအနေနှင့် အထက်ဖော်ပြပါဈေးနှုန်းနှင့် စံချိန်စံနှုန်းအတိုင်း  အနည်းဆုံးအိတ် ၂၀ဝ၀ မှစ၍ ပမာဏ အကန့်အသတ်မရှိ ရောင်းချပေးသွင်းနိုင်ကြောင်း သိရသည်။

S-07