News

POST TYPE

NEWS

သမ္မတထရမ့် ရေးတင်ထားသည့်အချက်ဘေးတွင် စစ်ဆေးပြီးမှယုံကြည်ရန် အမှတ်အသား Twitter ဖော်ပြ
28-May-2020


ဝါရှင်တန်ဒီစီ၊ မေ ၂၇

လူမှုကွန်ရက်ကော်ပိုရေးရှင်းကြီး Twitter က သမ္မတဒေါ်နယ်ထရမ့်  Tweet  ထားသည့် စာသားဘေးတွင် သတင်းတု ဖြစ်နိုင်ကြောင်း သတိပေးချက် အမှတ်အသား ဖော်ပြခဲ့သည်ဟု BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ 

"လုံးဝမဖြစ်နိုင်ပါဘူး။ ကြိုတင်မဲတွေဟာ အလိမ်အညာတွေပါပဲ" ဟု အစချီကာ သမ္မတထရမ့်ရေးထားသည့်ဘေးတွင် အချက်အလက်များကို စစ်ဆေးပြီးမှ ယုံကြည်ရန် အမှတ်အသားကို Twitter အင်တာနက် စာမျက်နှာက ဖော်ပြထားခြင်းဖြစ်သည်။ 

လူမှုကွန်ရက်မီဒီယာများသည် သတင်းတုများ ထိန်းချုပ်ရေးအတွက် မယုံကြည်ရလောက်သည့် အရေးအသားများကို ဘေးနားကသတိပေးခြင်းဖြစ်သည်။ 

သမ္မတကိုယ်တိုင်သုံးသည့် စာမျက်နှာကရေးထားသည့် အချက်အောက်တွင်  ကြိုတင်မဲများနှင့်ပတ်သက်၍ အချက် အလက်အမှန်များကို လေ့လာပါဆိုသည့် စာသားကို အပြာရောင် အာမေဍိတ် သင်္ကေတဖြင့် ဖော်ပြထားခြင်းဖြစ်သည်။ 

Twitter သည် လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို ဖိနှိပ်နေသည်ဟု မစ္စတာထရမ့်က သူ့အပြောကိုသတင်းတုအဖြစ် သတိထားရန် ဖော်ပြချက်အား Twitter ပေါ် ထပ်မံတက်ရေးကာ တုံ့ပြန်ခဲ့သည်။ 

ထရမ့်၏ ရေးသားချက်အောက်တွင် Twitter က ဖော်ပြထားချက်ကို နှိပ်လိုက်ပါက ၎င်းသည် CNN ၊ ဝါရှင်တန်ပို့စ် စသည့်သတင်းဌာနကြီးများ၏ ကြိုတင်မဲအကြောင်း ဖော်ပြထားသည့် သတင်းများထံသို့ ရောက်သွားပါသည်။

လူမှုကွန်ရက်မီဒီယာ Twitter  သည် ယခုလ အစောပိုင်းမှစ၍ ၎င်း၏မူဝါဒများကို ချမှတ်ထည့်သွင်းကာ သတင်းတုများကို တိုက်ဖျက်နေခြင်းဖြစ်သည်။ 

လာမည့် ၂၀၂၀ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့်အမေရိကန်သမ္မတ ရွေးကောက်ပွဲကို Twitter က ဝင်ရောက်စွက်ဖက်ရန် ကြိုးစားနေကြောင်း ထရမ့်က တန်ပြန်စွပ်စွဲခဲ့သည်။ 

လွတ်လပ်စွာပြောရေးဆိုခွင့်ကို ဖိနှိပ်တဲ့ကိစ္စအပေါ် သမ္မတတစ်ယောက်အနေနဲ့ လက်ခံသွားမှာမဟုတ်ပါဘူးဟု ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ 

ထရမ့်၏မဲဆွယ်စည်းရုံးရေးမန်နေဂျာ ဘရက်ပါစကယ်ကလည်း Twitter ၏ ယခုကဲ့သို့လုပ်ဆောင်မှုကို ကန့်ကွက်ပြောဆိုခဲ့သည်။  

F-02