News

POST TYPE

NEWS

အီရန်တွင် သမီးဖြစ်သူကို ဖခင်ဖြစ်သူက ဂုဏ်သိက္ခာအကြောင်းပြချက်ဖြင့် သတ်ဖြတ်၊ ပြည်သူများမကျေမနပ်ဖြစ်
28-May-2020


တီဟီရန်၊ မေ ၂၇

အီရန်နိုင်ငံတွင် အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူအား ဂုဏ်သိက္ခာဆယ်ရန်ဆိုသောအကြောင်းပြချက်ဖြင့် သတ်ဖြတ်ခဲ့သည့် ဖခင်ဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ယင်းသို့သတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ပြည်သူများ အကြား မကျေမနပ်ဖြစ်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အီရန်နိုင်ငံ ဂီလန်ပြည်နယ်တွင် နေထိုင်သော ရိုမီနာအက်ရှာဖီဆိုသူ မိန်းကလေးငယ်သည် ၎င်း၏ ချစ်သူဖြစ်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားနှင့် နေအိမ်မှထွက်ပြေးခဲ့သည်။ 

ထို့နောက် ၎င်းတို့စုံတွဲကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ရိုမီတာအက်ရှာဖီက အိမ်သို့ပြန်လည်အပို့ခံရမည်ဆိုပါက သူမ၏ အသက်အန္တရာယ်အတွက် စိုးရိမ်မိကြောင်း ရဲတပ်ဖွဲ့ကို သတိပေးပြောဆိုခဲ့သည်ဟု ပြည်တွင်းသတင်းများ ကဆိုသည်။ 

သို့သော်လည်း ရဲတပ်ဖွဲ့က ရိုမီနာကိုသူမ၏ နေအိမ်သို့ ပြန်ပို့ခဲ့သည်။ 

ပြီးခဲ့သည့် ကြာသပတေးနေ့ညက ရိုမီနာမှာ အိပ်ခန်းအတွင်းရှိနေစဉ် ဖခင်ဖြစ်သူက ဝင်ရောက်သတ်ဖြတ်ခဲ့သည်။ 

အီရန်သတင်းဌာနတစ်ခုအဆိုအရ ရိုမီနာကို ဖခင်ဖြစ်သူက တံစဉ်ဖြင့် ခေါင်းဖြတ်သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့သတ်ဖြတ်ပြီးနောက် ဖခင်ဖြစ်သူမှာ အိမ်အပြင်သို့ တံစဉ်ကိုင်လျက်ထွက်လာပြီး သမီးဖြစ်သူကို သတ်ဖြတ်လိုက်ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။ 

ဗုဒ္ဓဟူးနေ့တွင် အီရန်ပြည်တွင်းထုတ်သတင်းစာများက မျက်နှာဖုံးစာမျက်နှာတွင် ရိုမီနာ၏သတင်းကို  အထူးတလှယ်ရေးသားဖော်ပြခဲ့ကြသည်။ 

'လုံခြုံမှုမရှိသော မိဘအိမ်' ဟု အီရန်သတင်းစာတစ်စောင်က ရိုမီနာကို ဖခင်ဖြစ်သူကသတ်ဖြတ်သည့်ကိစ္စအား  သတင်းခေါင်းစဉ်ပေးခဲ့ပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အကာအကွယ်ပေးနိုင်ရေးအတွက် ဥပဒေများယိုယွင်းနေမှုကို ဝေဖန်ခဲ့သည်။ 

လူမှုကွန်ရက်များပေါ်တွင်လည်း  ရိုမီနာ၏သတင်းကို အမြောက်အမြား Share ခဲ့ကြပြီး ယင်းဖြစ်ရပ်အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။ 

အီရန်အမျိုးသမီးများအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ရူဟင်ဒေါ့မိုဗာလ်ဒီက 'ဒီလိုမျိုး ဂုဏ်သိက္ခာအတွက် သတ်ဖြတ်တယ်ဆိုတဲ့ အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ရတာဟာ ရိုမီနာဟာ ပထမဆုံးမိန်းကလေးမဟုတ်သလို နောက်ဆုံးမိန်းကလေးလည်း ဟုတ်လာမှာမဟုတ်ပါဘူး" ဟု လူမှုကွန်ရက် ပေါ်တွင်ရေးသားသည်။

F-01