News

POST TYPE

NEWS

ဟောင်ကောင်တွင် ဆန္ဒပြမှုများ ပြန်လည်အရှိန်မြင့်တက်၊ ရဲတပ်ဖွဲ့က ငရုတ်ကောင်းစပရေးများဖြင့် လူစုခွဲနှိမ်နင်း
28-May-2020


ဟောင်ကောင်၊ မေ ၂၇ 

ဟောင်ကောင်တွင် ဗုဒ္ဓဟူးနေ့က တရုတ်ပြည်မကြီး၏ အငြင်းပွားဖွယ်ဥပဒေကို မကျေနပ်သော ဆန္ဒပြသူများထပ်မံ စုဝေးအုံကြွ ဆန္ဒပြခဲ့ကြရာ ဟောင်ကောင်ရဲတပ်ဖွဲ့က ငရုတ်ကောင်းစပရေးများ၊ ငရုတ်ကောင်းမှုန့်ပါသည့် ကျည်စေ့များဖြင့် ပစ်ခတ်ကာ လူစုခွဲခဲ့ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဘေဂျင်း(ပြည်မကြီး)အစိုးရက အဆိုပြုထားသည့် ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသစ်တစ်ရပ် ရေးဆွဲမည့်ကိစ္စကို မကျေနပ်သည့် ဟောင်ကောင်ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ 

အဆိုပါဥပဒေသစ်နှင့်ပတ်သက်၍ ဟောင်ကောင်ဥပဒေပြုကောင်စီ(လွှတ်တော်)တွင် ဆွေးနွေးငြင်းခုံကြမည်ဖြစ်ရာ ယင်း လွှတ်တော်အဆောက်အအုံကို ရဲတပ်ဖွဲ့ကဝိုင်းရံပေးခဲ့ရသည်။ 

ယခုဆန္ဒပြပွဲတွင်လည်း လူထောင်နှင့်ချီပါဝင်ခဲ့ပြီး အသက်အရွယ်လည်းစုံလင်သည်ကိုတွေ့ရသည်။ 

“ရှင်တို့အနေနဲ့ စိတ်ထဲမှာကြောက်နေရုံနဲ့ပြီးမသွားဘူး၊ ထုတ်ဖော်ပြောဆိုဖို့လည်းလိုတယ်ရှင့်”ဟု အသက် ၂၉ နှစ် အရွယ်ရှိ ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောကြားသည်။ 

ဆန္ဒပြအင်အားစုများက ဟောင်ကောင်လွှတ်တော်သို့ ချီတက်ပြီး ဝိုင်းရန်ပိတ်ဆို့ရန် စီစဉ်ခဲ့သော်လည်း လွှတ်တော်ကို ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားသောကြောင့် အစီအစဉ်ပျက်ခဲ့ကြသည်။ 

ဟောင်ကောင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ဗုဒ္ဓဟူးနေ့က ဆန္ဒပြမှုတွင် ဆန္ဒပြသူ ၃၀ဝ ကျော်ခန့်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်းသိရသည်။ 

တရုတ်နိုင်ငံပိုင် CCTV ရုပ်သံနှင့် ပြုလုပ်သောအင်တာဗျူးတွင် ဟောင်ကောင်လုံခြုံရေးဝန်ကြီး ဂျွန်လီက ဟောင်ကောင်ရဲတပ်ဖွဲ့သည် မတည်မငြိမ်မှုများကို ထိန်းချုပ်မည့်နည်းဗျူဟာသစ်များရေးဆွဲထားပြီဖြစ်ကြောင်း၊ တစ်စုံတစ်ခုဖြစ်သည်နှင့် တစ်ပြိုင်နက်တည်း ယင်းဗျူဟာသစ်ဖြင့် တုံ့ပြန်မည်ဖြစ်ကြောင်း ပြောကြားသည်။ 

၎င်းသည် မကြာသေးခင်ရက်ပိုင်းကလည်း ဟောင်ကောင်၌ အကြမ်းဖက်မှုများ ကြီးထွားလျက်ရှိကြောင်း ထုတ်ဖော်ပြောဆို ခဲ့သေးသည်။ 

“ဟောင်ကောင်စီးတီးမှာ အကြမ်းဖက်မှုဟာ ကြီးထွားလျက်ရှိပါတယ်။ အခြေအနေအရပ်ရပ်က အမျိုးသားလုံခြုံရေးကို ထိပါးလျက်ရှိပါတယ်။ ဟောင်ကောင်လွတ်လပ်ရေးကိုလည်း ထိပါးနေပါတယ်။ အခြေအနေကပိုဆိုးနေတယ်”ဟု ၎င်းက ဆိုသည်။ 

“ပြီးခဲ့တဲ့လအနည်းငယ်အတွင်းက ဟောင်ကောင်ဟာ ကမ္ဘာပေါ်မှာ အလုံခြုံဆုံးမြို့တွေထဲမှာ တစ်မြို့ဖြစ်ခဲ့ပေမယ့် အခုတော့ အကြမ်းဖက်မှုကြီးတွေရဲ့ လွှမ်းမိုးမှု အောက်ရောက်နေပြီပဲဖြစ်ပါတယ်”ဟု ၎င်းကဆိုပြီး ဟောင်ကောင် အမျိုးသား လုံခြုံရေးဥပဒေများရှိထားရန် လိုအပ်ကြောင်း တရုတ်ပြည်မကြီးက ရေးဆွဲပြဋ္ဌာန်းရန် ကြိုးပမ်းနေသည့် ဥပဒေကိစ္စကို ထောက်ခံပြောဆိုသည်။ 

“ဟောင်ကောင်ကြွယ်ဝချမ်းသာရေး နဲ့တည်ငြိမ်ရေးကို ကာကွယ်ဖို့အမျိုးသားလုံခြုံရေးဥပဒေတွေရှိထားဖို့ လိုအပ်တယ်” 

တရုတ်ပြည်မကြီးအစိုးရက စီစဉ်နေသည့် အဆိုပါလုံခြုံရေးဥပဒေသာ အတည်ပြုဖြစ်မည်ဆိုပါက တရုတ်ထောက်လှမ်းရေး အေဂျင်စီများအနေနှင့် ဟောင်ကောင်တွင် ရုံးခွဲဖွင့်ကာ ခြေကုပ်ယူလုပ်ကိုင်ကြမည်ဖြစ်သည်။ ယင်းဥပဒေရေးဆွဲရသည့် ဦးတည်ချက် မှာ ခွဲထွက်ခြင်း၊ ပုန်ကန်ခြင်းနှင့် အကြမ်းဖက်ခြင်းတို့ကို ထိန်းချုပ်ရန်ဖြစ်သည်။ 

F-01