News

POST TYPE

NEWS

သိန်းနီ-ကွမ်းလုံ လမ်းပိုင်းတွင် ဘေလီတံတား အသစ်လဲလှယ်နေသဖြင့် ယာဉ်အသွားအလာရပ်နား
28-May-2020


လားရှိုး၊ မေ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန်းနီ-ကွမ်းလုံလမ်းပိုင်းတွင် ဘေလီတံတားအသစ် လဲလှယ်သည့်လုပ်ငန်း လုပ်ဆောင်နေသည့်အတွက် မေလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ယာဉ်အသွားအလာရပ်ထားရသည်ဟု အဆိုပါလမ်းအပိုင်းကို BOT စနစ်ဖြင့်လုပ်ကိုင်နေသည့် Oriental ကုမ္ပဏီထံမှ သိရသည်။

"သိန်းနီ-ကွမ်းလုံလမ်းပိုင်း မိုင်တိုင် ၄၀/၃-၄ အကြားက ဘေလီတံတားကို အသစ်လဲမှာဖြစ်ပါတယ်။ မနက် ၆ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ယာဉ်အသွားအလာပိတ်ထားပါမယ်။ ၃ ရက်ကြာပါမယ်။ ၁၂ နာရီနောက်ပိုင်း နေ့ခင်းပိုင်းနဲ့ ညပိုင်းမှာဖြတ်သန်းခွင့်ပြုထားပါ တယ်" ဟု အဆိုပါလမ်းပိုင်းကို တာဝန်ယူလုပ်ကိုင်နေသည့် တာဝန်ခံအင်ဂျင်နီယာ ဦးမိုးကျော်က ပြောကြားသည်။

သိန်းနီ-ကွမ်းလုံလမ်းပိုင်းတွင် ၅ မိုင်အရှည်ရှိ ဗြုန်းတောင်တစ်ခုရှိပြီး ယခုအသစ်လဲလှယ်သည့် ဘေလီတံတားမှာ မိုင်တိုင်အမှတ် ၄၀/၃  နှင့် ၄၀/၄ အကြားတွင်ရှိသည့် ဘေလီတံတားဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။



သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းပိုင်းသည် ၆၆ မိုင်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် ကုန်သွယ်ရာလမ်း နှစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး တရုတ်နိုင်ငံယူနန်ပြည်နယ်အထိ သွားလာနိုင်သည့် လမ်းအပိုင်းဖြစ်သည်။

"နေ့စဉ် ကုန်တင်ကား အစီး ၅၀ဝ ကျော်သွားတယ်၊ အိမ်စီးနဲ့ခရီးသည်တင် ကားငယ်ကလည်း တစ်ရက်ကို ပျမ်းမျှ အစီး ၅၀ဝ လောက် အသွားအလာရှိတယ်။ တစ်ရက်ကို လမ်းအသုံးပြုတဲ့ ကားအစီး ၁၀ဝ၀ ပတ်လည် အသွားအလာရှိတယ်" ဟု Oriental ကုမ္ပဏီမှ ဝန်ထမ်း ဦးလင်း ကပြောဆိုသည်။ 

"ဘေလီတံတားအသစ်လဲလို့ မနက်ပိုင်းမသွားနိုင်လည်း နေ့ခင်းပိုင်းနဲ့ ညပိုင်းသွားနိုင်တာကြောင့် အခက်အခဲမရှိပါဘူး။ အဓိကတော့ ဗြုန်းတောင်လမ်းကောင်းဖို့ပဲ အရေးကြီးတာ" ဟု အငှားယာဉ်မောင်း ဦးအားမြင့်က ပြောကြားသည်။

အဆိုပါလမ်းအပိုင်းကို BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရသည့် Oriental ကုမ္ပဏီ သည် ၂၀၁၃ ခုနှစ်တွင် လမ်းအကျယ် ၁၂  ပေမှ ၂၄ ပေအကျယ်ရှိ နိုင်လွန်ကတ္တရာလမ်းအဖြစ် ပြုပြင်ပေးခဲ့သည့်အတွက် သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းပိုင်းမှာ ကုန်သွယ်မှုအတွက် အရေးပါသည့် လမ်းပိုင်းဖြစ်လာခဲ့သည်။        

R-07