News

POST TYPE

NEWS

COVID-19 ထိန်းချုပ်ရေးကာလတွင် ညမထွက်ရအမိန့် ချိုးဖောက်သူသုံးဦးကို ထောင်တစ်လစီချမှတ်
28-May-2020
မိတ္ထီလာ၊ မေ ၂၇

မန္တလေးတိုင်း မိတ္ထီလာမြို့ ပြည်သာယာ (တောင်) ရပ်ကွက်သို့ မေလ ၂၇  ရက်နေ့ နံနက် ၂ နာရီအချိန်တွင် ကား တစ်စီးဖြင့်ရောက်ရှိလာသော အမျိုးသားသုံးဦးကို မိတ္ထီလာမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ကြောင်း  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။                                                                                

မိတ္ထီလာမြို့တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအဖြစ် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲ ဖြစ်သည်။

မိတ္ထီလာမြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အမှတ် (၃) နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ညမထွက်ရန်အမိန့် ထုတ်ပြန်ထားခြင်းအား လိုက်နာမှု ရှိမရှိ လိုက်လံစစ်ဆေးနေစဉ် ပြည်သာယာ (တောင်) ရပ်ကွက် ၃-လမ်းထိပ်တွင် ဝမ်းတွင်းမြို့ ကျောင်းကုန်းကျေးရွာနေ ဦးအောင်ဇော်လင်း (၄၂ နှစ်) မောင်းနှင်သော ကားတစ်စီးကိုတွေ့ရှိခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လားရှိုးမြို့ အမှတ် (၈) ရပ်ကွက်နေ ကိုလျို့ရှင့် (၂၅ နှစ်) နှင့် ရန်စီးလျှို (၃၁ နှစ်) တို့ လိုက်ပါလာသည်ကို တွေ့ရသဖြင့် စစ်ဆေးမေးမြန်းရာ ခိုင်လုံသောအကြောင်းတစ်စုံတစ်ရာ ပြောပြနိုင်ခြင်းမရှိခဲ့၍  ယင်းတို့သုံးဦးအား အရေးယူခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်း အရသိရသည်။                                                 

"လှည့်ကင်းလုပ်တဲ့အချိန်မှာ ဒီကားဝင်လာတယ်။ ရေရေရာမဖြေနိုင်ဘူး။ မောင်းတဲ့သူက ဗမာလူမျိုးပဲ။ ဘေးကထိုင်တဲ့သူက ဘယ်ကောင် အမိန့်ထုတ်တာလဲ ဘာအမိန့်လဲလို့ မချေမငံပြောတာနဲ့ စခန်းကို အပ်လိုက်တာ။ ဝမ်းတွင်းကျောင်းကုန်းရွာဘက်မှာ ဖရဲစိုက်တဲ့ တရုတ်တွေ။ တစ်ယောက်က ဗမာစကားကို ကောင်းကောင်းမတတ်ဘူး။ ကျောင်းကုန်းအုပ်ချုပ်ရေးမှူးကို လှမ်းမေးတော့  အဲဒီကောင်တွေက ဟိုမှာလည်း အဆင်မပြေဘူး။ ဂျစ်ကပ်ကပ်နဲ့လျှောက်လုပ်တယ်လို့ပြောတယ်။ တစ်ယောက်တစ်လ စီ ထောင်ချလိုက်ပြီလို့ ဒီနေ့ မွန်းတည့် ၁၂ နာရီက သတင်းရတယ်" ဟု ပြည်သာယာ (တောင်) အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းမင်းမြတ်က ရှင်းပြသည်။

ယင်းအမှုနှင့်ပတ်သက်၍ မိတ္ထီလာမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးဦးဝင်းလှိုင်က တရားလိုပြု၍ မိတ္ထီလာမြို့နယ်တရားရုံး သို့ တင်ပို့ခြင်းဖြစ်ပြီး ရာကြီးအမှတ် ၈၁၅/၂၀၂၀ ဖြင့်လက်ခံစစ်ဆေးကာ အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။  

R-01