News

POST TYPE

NEWS

နီပေါတွင်ပိတ်မိနေသည့်မိသားစု ပြန်လာနိုင်ရန် ပဲခူးတိုင်းအစိုးရ ကူညီမည်
24-May-2020
တောင်ငူ၊ မေ၂၄

တောင်ငူဒေသခံမိသားစုတစ်စု နီပေါနိုင်ငံသို့ အလည်ပတ်သွားရောက်စဉ် COVID-19 ကာလနှင့်ကြုံခဲ့ရသည့်အတွက် ပြန်လာရန်ခက်ခဲနေမှုကို ကူညီပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောကြားသည်။

“ဝန်ကြီချုပ်ကတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကနေကူညီပေးဖို့ ဆက်လက်တင်ပြပေးပါမယ်”ဟု ၎င်းက ပြောဆိုသည်။

တောင်ငူဒေသခံမိသားစုဝင်သုံးဦးသည် မတ်လကတည်းက နီပေါနိုင်ငံသို့ အလည်အပတ်ရောက်နေခဲ့ခြင်းဖြစ်သည်။ 

နီပေါအစိုးရက မတ်လ၂၃ ရက်နေ့တွင် Lockdown လုပ်လိုက်သည့်အတွက် နှစ်လကျော်ကြာလာသည့်အထိ ပြန်လာခွင့်မရသေးကြောင်း နီပေါတွင်ပိတ်မိနေသူ ဦးထွန်းအောင်(ခ)နီကေးက ပြောကြားသည်။

“ရောက်နေတာ နှစ်လကျော်ပြီဆိုတော့ ဟိုတယ်တွေမှာမနေနိုင်တော့လို့ အသိတွေဆီမှာကပ်နေရတယ်။ အိမ်နားမှာလည်း အသွားလာကန့်သတ်ထားတာကြောင့် ကျွန်တော်အပါအဝင် နီပေါမှာပိတ်မိနေသူတွေကို ကူညီပေးစေချင်တယ်”ဟု ၎င်းက  ပြောဆိုသည်။

နီပေါနိုင်ငံသို့ အလည်အပတ်သွားရာမှ ပိတ်မိနေသူများသာမက ပညာရေးကိစ္စဖြင့်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၃၀ နီးပါးရှိပြီး နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံသို့ အကူညီတောင်းခံရာတွင် ကူညီမည်ဟုဆိုခဲ့သော်လည်း ပြန်ခွင့်မရသေးသည့်အတွက် စိုးရိမ်နေကြသည်ဟု နီပေါရောက်မြန်မာအချို့က ပြောဆိုသည်။

တောင်ငူမြို့ နတ်စင်ကုန်းကျေးရွာနေ ဦးထွန်းအောင်နှင့်အသက် ၆၀ ကျော်မိခင်၊ ဇနီးဖြစ်သူတို့မိသားစု သုံးဦးသည် မတ်လ ၉ ရက်နေ့ကတည်းက ၊နီပေါနိုင်ငံ Kathmandu မြို့သို့ရောက်ရှိနေခြင်းဖြစ်ပြီး နှစ်လကျော်ကြာပိတ်မိနေသည့်အတွက် ငွေရေးကြေးရေးသာမက နေထိုင်ရန်အခက်ခဲနှင့် ကြုံနေရသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်အာရှနိုင်ငံဖြစ်သည့် နီပေါနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့ကတည်းက၊ LockDown လုပ်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူ ၆၀ဝ ကျော်ရှိပြီး သုံးဦးသေဆုံးထားသည့်အတွက် ဇွန်လ၂ ရက်နေ့အထိ အသွားအလာ ကန့်သတ်ထားသည်ဟု နီပေါရောက်မြန်မာအချို့ထံမှ သိရသည်။

အစိုးရအနေဖြင့် ပြည်ပသို့အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေသူများကို ပြန်ခေါ်ယူလျက်ရှိရာ မေလ ၂၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဂယာမြို့(ဗုဒ္ဓဂါယာ)၌ ပိတ်မိနေသူများကိုလာခေါ်ရန်ရှိသဖြင့် နီပေါနှင့် အိန္ဒိယနိုင်ငံတို့မှ မြန်မာသံရုံးများနှင့် ဆက်သွယ်ညှိနှိုင်းကာ နီပေါမှဂယာမြို့သို့ သွားရောက်လိုက်ပါစီးနင်းနိုင်ရန် ကူညီပေးစေလိုသည်ဟု ၎င်းတို့ကပြောဆိုသည်။ 

R-02