News

POST TYPE

NEWS

ပီအက်စ်ဂျီလူငယ်အကယ်ဒမီအသင်း ကစားသမားဟောင်း ဒီယာကီဆီ သေဆုံး
24-May-2020


ပဲရစ်၊ မေ ၂၃

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း လူငယ်ကစားသမားဟောင်း ဒီယာကီဆီသည် အသက် ၂၄ နှစ်အရွယ်တွင်ဆုံးပါးခဲ့ကြောင်း Goal.com ကဖော်ပြခဲ့သည်။ 

ဒီယာကီဆီသည် ပီအက်စ်ဂျီလူငယ်အသင်းတွင် ကင်ပမ်ဘီ၊ ကင်စလေကိုမန်းတို့နှင့်အတူတွဲဖက်ခဲ့ဖူးသူဖြစ်သလို ထိုစဉ်က ညာနောက်ခံလူအဖြစ် ပါဝင်ကစားခဲ့သူဖြစ်ပြီး ၂၀၁၅ တွင် အသင်းကိုကျောခိုင်းခဲ့သည်။ 

ပီအက်စ်ဂျီအကယ်ဒမီမှထွက်ခွာခဲ့ပြီးနောက် ဆွစ်ဇာလန်နှင့် ခရိုအေးရှားကလပ်များသို့ သွားရောက်ကစားခဲ့ပြီး မသေဆုံးမီအချိန်တွင် ပြင်သစ်လီဂူး-၅ ကလပ် ဖူရီရန်နီအသင်းတွင် ပါဝင်ကစားခဲ့သည်။ 

ဖူရီရန်နီအသင်း တရားဝင်ဝက်ဘ် ဆိုက်ဒ်မှတစ်ဆင့် "ဒီနေ့ကကျွန်တော်တို့အတွက် စိတ်မသက်သာစရာပါပဲ။ မနေ့က ပဲရစ်မှာ ဒီယာကီဆီသေဆုံးခဲ့တယ်လို့ သိခဲ့ရတဲ့နောက် အရမ်းကိုဝမ်းနည်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လမှာတော့ ကွင်းတွင်းရော ကွင်းပြင်မှာပါ အောင်မြင်တဲ့ ဒီလူငယ်လေး အသင်းကိုရောက်လာပါတယ်။ အမြဲတမ်း ပြုံးနေတာ၊ သတ္တိရှိရှိနဲ့ကြိုးစားအားထုတ်တာတွေကြောင့် အသင်းနဲ့အတူ အချိန်တိုအတွင်းအခြေကျခဲ့ပါတယ်။ အသင်းမိသားစုဝင်အားလုံးအတွက် ဒီသတင်းက ရက်စက်လွန်းပါတယ်။  ဝန်ထမ်းတွေ၊ အသင်းဖော်တွေနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ အားလုံးအပြင်းအထန်ထိခိုက် ခံစားခဲ့ရတာပါ။ ကျွန်တော်တို့ရဲ့အတွေးတွေက သူ့မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူ တွေနဲ့ထပ်တူပါပဲ။ ငြိမ်းသက်စွာ အနားယူပါတော့... မင်းက ဖူရီရန်ဆီအသင်းရဲ့ အမြဲတမ်း ခြင်္သေ့ဖြစ်နေပါလိမ့်မယ်"ဟု ရေးသားဖော်ပြခဲ့သည်။ 

ဒီယာကီဆီသည် ပီအက်စ်ဂျီစီနီယာအသင်းနှင့်အတူ ကစားခွင့်မရခဲ့သော် လည်း ၂၀၁၃-၁၄ ဘောလုံးရာသီ ယူအီးအက်ဖ်အေ လူငယ်လိဂ်ပြိုင်ပွဲတွင် အသင်းနှင့်အတူ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့သူဖြစ်သည်။               

ငြိမ်းပြည့်