News

POST TYPE

NEWS

ဆွီဒင်ဖိုက်တာ မက်သီးယပ်စ်ဂျွန်ဆင်နှင့် သြစတြေးလျ-မြန်မာဖိုက်တာ ထော်မွန်အောင်တို့ကို WLC စာချုပ်ခေါ်ယူ
24-May-2020


ရန်ကုန်၊ မေ ၂၃

WLC သည် ကမ္ဘာ့အဆင့်ကစားသမားများ အင်အားဖြည့်တင်းသည့်အနေနှင့် ကစ်ဘောက်ဆင်ချန်ပီယံ ၂ ဦး ဖြစ်သော ဆွီဒင်ဖိုက်တာ မက်သီးယပ်စ် ဂျွန်ဆင်နှင့် သြစတြေးလျ-မြန်မာဖိုက်တာ ထော်မွန်အောင်ခေါ် ရေးဂျေဗာရာဂျန်တွန်တို့ကို မေလ ၂၁ ရက်က စာချုပ် ချုပ်ဆိုခဲ့သည်။

မက်သီးယပ်စ်ဂျွန်ဆင်မှာ ဆွီဒင်ပြည်တွင်း ချန်ပီယံဘွဲ့အကြိမ်ကြိမ်ရယူခဲ့သူဖြစ်ကာ ရသမြောက်ထိုးသတ်ဟန်ကြောင့်  နာမည်ကြီးသည့် ကမ္ဘာ့အဆင့်ဖိုက်တာ ဖြစ်သည်။ 

၎င်းထိုးသတ်ခဲ့သောပွဲများတွင် အလဲထိုးအနိုင်ရသည့်ပွဲပေါင်း ၁၅ ပွဲရှိပြီး မွေထိုင်းနှင့် ကစ်ဘောက်ဆင်တို့မှ ကမ္ဘာ ကျော်ဖိုက်တာများနှင့် ရင်ဆိုင်ဖူးသူ ဖြစ်သည်။

ထော်မွန်အောင်ခေါ် ရေးဂျေဗာရာဂျန်တွန်မှာ သြစတြေးလျပြည်တွင်းချန်ပီယံဖြစ်ပြီး နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ပါဝင်ထိုးသတ်နေသူဖြစ်သည်။ 

၎င်းမှာ မွန်ပြည်နယ်၊ ဝါခရူကျေးရွာတွင် ကြီးပြင်းခဲ့ပြီးနောက် သြစတြေးလျသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ကာ ထိပ်တန်းအဆင့် ဖိုက်တာအဖြစ် ရောက်ရှိလာပြီးနောက် ကမ္ဘာအနှံ့ တိုက်ခိုက်ရေးပြိုင်ပွဲများ၏ ကမ်းလှမ်းခံထားရဖြစ်သည်။

ယခုကဲ့သို့ ကမ္ဘာ့အဆင့်ကစားသမားများကို စာချုပ်ချုပ်ဆိုနိုင်ခြင်းနှင့်ပတ်သက်၍ WLC ဥက္ကဋ္ဌ ဦးဇေသီဟက "WLC ဟာ ကမ္ဘာ့အကောင်းဆုံးဖိုက်တာတွေ ရှိတဲ့နေရာပါ။ အခုလိုချန်ပီယံတွေကို ကျွန်တော်တို့ ကစားသမားစာရင်းထဲ ထည့်သွင်းခွင့်ရတာ ဝမ်းသာပါတယ်။ WLC ကို ကိုယ်စားပြုပြီးတော့ သူတို့ရဲ့ ကြိုးဝိုင်းတွင်း အကောင်းဆုံးစွမ်းရည်တွေကို မကြာခင်ကာလအတွင်း ပရိသတ်ကို ပြသနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

"WLC မှာ ပါဝင်ခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ တစ်ကမ္ဘာလုံးက လက်ဝှေ့ပရိသတ်တွေလည်း ကျွန်တော့်ရဲ့ အကောင်း ဆုံးလက်ဝှေ့ပွဲတွေကို ရှုစားရမှာပါ။ ကြိုးဝိုင်းထဲဝင်ပြီး အချီစခေါင်းလောင်းတီးတာနဲ့ အကောင်းဆုံးထိုးလုံးသတ်ပေါက်နဲ့ ပရိသတ် စိတ်လှုပ်ရှားရအောင် ရင်ဆိုင်သွားပါမယ်။ ပွဲအစကနေ ပွဲအဆုံးအထိ မျက်တောင်မခတ်တမ်းကြည့်ရမယ့်ပွဲတွေ ဖြစ်လာမယ် လို့ အာမခံပါတယ်"ဟု ဆွီဒင်ဖိုက်တာ မက်သီးယပ်စ်ဂျွန်ဆင်က ပြောသည်။

"မြန်မာကစားသမားတွေ ဘာလုပ်နိုင်လဲဆိုတာ ကမ္ဘာကိုပြသတဲ့အချိန်မှာ ကျွန်တော့်မိခင်နိုင်ငံကိုပြန်ပြီး မြန်မာလူမျိုးတွေကို ကိုယ်စားပြုရမှာက ကျွန်တော့်အတွက် တကယ့်အခွင့်အရေးကောင်းပါ။ WLC က လက်ဝှေ့ကို ကမ္ဘာကသိအောင်လုပ်ဆောင်နေပြီး အခုကတော့ တစ်ကမ္ဘာလုံးက သတိထားမိဖို့ အကောင်းဆုံးအခြေအနေဖြစ်နေပါပြီ"ဟု သြစတြေးလျ-မြန်မာ ဖိုက်တာဖြစ်သူ ထော်မွန်အောင်ခေါ် ရေးဂျေက ပြောသည်။

ချစ်ဝိုင်း