News

POST TYPE

NEWS

ဒေါ့တ်မန်နှင့်အငှားစာချုပ်ပြည့်ပါက ရီးရဲလ်သို့ပြန်မည်ဟု ဟာကီမီ၏အေးဂျင့် အတည်ပြု
24-May-2020


ဒေါ့တ်မန်၊ မေ ၂၃

ဒေါ့တ်မန်နောက်ခံလူ ဟာကီမီအနေနှင့် အငှားစာချုပ်သက်တမ်းပြည့်ပါက ရီးရဲလ်တွင် ပြန်ကစားဖြစ်လိမ့်မည်ဟု  ၎င်း၏အေးဂျင့်ကအတည်ပြုပေးခဲ့ကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

ဟာကီမီနှင့် ဒေါ့တ်မန်အသင်းတို့ အငှားစာချုပ်သက်တမ်းမှာနောက်ဆုံးလ အတွင်းသို့ရောက်ရှိနေပြီး မော်ရိုကို နောက်ခံလူကို ခေါ်ယူရန်အတွက် ချဲလ်ဆီး၊ စပါးနှင့် အာဆင်နယ်တို့ကဲ့သို့ လန်ဒန် အခြေစိုက်ကလပ်များက ချိတ်ဆက်လျက်ရှိသည်ဟု သတင်းထွက်လျက်ရှိသည်။ 

သို့ရာတွင် ၎င်း၏အေးဂျင့် ကာမာနိုက "ကမ်းလှမ်းမှုတွေမရှိပါဘူး။ ကျွန်တော်တို့ မက်ဒရစ်ကိုပြန်မှာပါ"ဟု ပြောဆိုသွားသည်။ 

ရီးရဲလ်ညာနောက်ခံနေရာတွင် ကာဗာဂျယ်၊ နာချိုနှင့် အိုဒရီယိုဇိုလာ တို့ရှိနေခြင်းကြောင့် ဟာကီမီသည် ဘာနေဗျူးတွင် ပုံမှန်ပွဲထွက်ခွင့်အာမခံချက်မရေရာသည့်အနေအထားတွင် ရှိနေသည်။

"ကျွန်တော်ရီးရဲလ်နဲ့စာချုပ်သက်တမ်း ဘယ်လောက်ကျန်သလဲ ဆိုတာကိုတော့ အေးဂျင့်ကကိုင်တွယ်ဖြေရှင်းမှာပါ။ ဒီအရာကို ကျွန်တော်မသိသလို ဘယ်လောက်ကျန်သေးတယ်ဆိုတာကို တကယ်မသိတာပါ"ဟု ဒေါ့တ်မန်သို့ ၂ ရာသီအငှားဖြင့် သွားရောက်ခြေစွမ်းပြခဲ့သည့် ဟာကီမီက ဆိုခဲ့သည်။ 

ရီးရဲလ်နှင့် ၂၀၁၇ တွင် ရေးထိုးခဲ့သည့်စာချုပ်အတိုင်း အပြောင်းအလဲမရှိသေးဟုလည်း ၎င်းကဖွင့်ဟခဲ့သည်။ 

ပြီးခဲ့သည့် မတ်လအတွင်းထွက်ပေါ်ခဲ့သောသတင်းများအရ ရီးရဲလ်ဘက်မှပုံမှန် ပွဲထွက်ခွင့် အာမခံချက်မပေးနိုင်သောကြောင့် ဟာကီမီကို အသင်းသစ်တစ်သင်း ရှာဖွေခိုင်းထားခဲ့သည်ဟု စပိန်သတင်းစာတစ်စောင်က ဖော်ပြခဲ့ဖူးသည်။ 

မော်ရိုကိုလက်ရွေးစင်ကိုယ်တိုင်ကမူ မမိအားရီးရဲလ်ဘက်မှပြန်ခေါ်ရန်ဆန္ဒရှိပါက ဘာနေဗျူးသို့ပြန်လာမည်ဟု ပြောကြားထားသည်။

ငြိမ်းပြည့်