News

POST TYPE

NEWS

ပုသိမ်မြို့နယ်အတွင်းဖမ်းမိသည့် ဘင်္ဂါလီ ၁၂၈ ဦးအပေါ် အမှုပြန်ရုပ်သိမ်း
09-Apr-2020


ပုသိမ်၊ ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ချောင်းသာကမ်းခြေဒေသနှင့် ရွှေသောင်ယံကမ်းခြေဒေသတို့၌ ဖမ်းမိသည့် နေရပ်စွန့်ခွာဘင်္ဂါလီ အမျိုးသား၊ အမျိုးသမီး ၁၂၈ ဦးအပေါ် စွဲဆိုထားသည့်အမှုများကို ပုသိမ်မြို့နယ်တရားရုံးက ဧပြီလ ၈ ရက်နေ့ညနေပိုင်းက ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူက အမှုပြန်လည်ရုပ်သိမ်းလိုကြောင်း ရုံးတော်သို့ တင်ပြလာသည့်အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က)၊ ၄၉၄ (ခ) နှင့် ၂၄၈ ဖြင့် အမှုရုပ်သိမ်းပေးကာ ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ် တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက The Voice Daily သို့ ပြောကြားသည်။

“အမှုရုပ်သိမ်းလိုက်ပြီဆိုတော့ သူတို့စွန့်ခွာလာတဲ့ဒေသကို သက်ဆိုင်ရာက ပြန်လည်ပို့ပေးမှာပါ”ဟု တရားစွဲအမှုဖွင့်ခံရသည့် ဘင်္ဂါလီများ၏ရှေ့နေ ဒေါ်ဟေမာန်ပြည့်ဖြိုးက ပြောဆိုသည်။



ပုသိမ်မြို့နယ် ချောင်းသာဒေသ ဥတိုကျေးရွာအနီးတွင် ယမန်နှစ်နိုဝင်ဘာ ၂၈ ရက်နေ့ကဖမ်းမိသော ဘင်္ဂါလီများနှင့် ရွှေသောင်ယံကမ်းခြေဒေသ ကျည်းဇင်ကျေးရွာအုပ်စု ပေါက်လှချိုင်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖမ်းမိသော ဘင်္ဂါလီများမှာ ရခိုင်ပြည်နယ်ဘက်မှ နယ်မြေစွန့်ခွာကာ ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာသူများဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-04