News

POST TYPE

NEWS

သွင်းကုန်လိုင်စင်ကြေးများ လျှော့ချ
08-Apr-2020
ရန်ကုန်၊ ဧပြီ ၈

ကိုရိုနာဗိုင်းရပ်စ် (Covid-19) အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် သွင်းကုန်လိုင်စင်ကြေးများလျှော့ချကောက်ခံပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ကုန်သွယ်ရေးဦးစီးဌာနက သွင်းကုန်များနှင့်စပ်လျဉ်း၍ လက်ရှိကောက်ခံလျက်ရှိသည့် သွင်းကုန်လိုင်စင် ကြေးများအစား လိုင်စင်တစ်စောင်လျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ဧပြီလ ၈ ရက်နေ့မှစတင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်ဆုံးသည်အထိ လျှော့ပေါ့သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များနှင့် အကောက်ခွန်သက်သာခွင့် (CO) ပုံစံများကိုရုံးဌာနသို့လာရောက်ရန်မလိုဘဲ ဧပြီလ ၁ ရက်နေ့မှစတင်ပြီး အွန်လိုင်းပေါ်မှစိစစ်ထုတ်ပေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့အွန်လိုင်းမှ ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ ၁ ရက်နေ့တွင် ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေ ၄၄ စောင်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်နှင့် ဧပြီလ ၂ ရက်နေ့တွင် ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေ ၆၃ စောင်၊ တန်ဖိုးကန်ဒေါ်လာ ၁၄ သန်းကျော်ကို အွန်လိုင်းမှခွင့်ပြုထုတ်ပေးထားကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်မှုရှိ/မရှိကိုလည်းကောင်း ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲညွှန်ကြားရေးမှူး ၀၆၇-၃၄၀၈၀၁၄၊ ဒုတိယညွှန်ကြားရေးမှူး ၀၆၇-၃၄၀၈၄၈၇၊ ပို့ကုန်သွင်းကုန်ရုံးညွှန်ကြားရေးမှူး ၀၁-၈၃၇၂၇၁၈၊ ဒုတိယညွှန်ကြားရေးမှူး ၀၁-၈၂၄၅၈၅၅၊ ၀၁-၈၃၇၇၁၀၁ နှင့် Help Desk အဖွဲ့ ၀၁-၈၃၇၇၁၀၁ တို့ထံဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

ဧပြီလ ၉ ရက်နေ့မှစတင်၍ အွန်လိုင်းမှလျှောက်ထားခွင့်ပြုသည့်ကုန်ပစ္စည်းများကို အွန်လိုင်းပေါ်မှသာလျှောက်ထားခြင်းဖြင့် ခွင့်ပြုတော့မည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ကြေညာထားသည်။

S-07