News

POST TYPE

NEWS

တောင်ကုတ်တွင် AA လက်နက်ကိုင်အဖွဲ့က ရဲတပ်ဖွဲ့အယောင်ဆောင်ကာ စစ်မှုထမ်းဟောင်းတစ်ဦးကို ဖမ်းဆီးသွားဟုဆို
07-Apr-2020


ရန်ကုန်၊ ဧပြီ ၇

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယူနီဖောင်းများဝတ်ဆင်ကာ ရဲတပ်ဖွဲ့ဝင်များအဖြစ်အယောင်ဆောင်၍ စစ်မှုထမ်းဟောင်းတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ ညပိုင်းတွင် တောင်ကုတ်မြို့နယ် ဂျီဖြူတောင်ကျေးရွာသို့ AA လက်နက်ကိုင်အဖွဲ့ဝင်များက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယူနီဖောင်းများဝတ်ဆင်ကာ ရဲတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်၍ ယင်းကျေးရွာတွင်နေထိုင်သည့် စစ်မှုထမ်းဟောင်းတစ်ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်ခွဲ၊ ဂျီဖြူတောင်ကျေးရွာနေ ဦးကျော်ထူး (ဘ)ဦးတင်ညွန့်သည် နေအိမ်၌ရှိနေစဉ် ဧပြီ ၄ ရက် ည ၈ နာရီခွဲခန့်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသူ အမျိုးသားသုံးဦးနှင့် အရပ်ဝတ်တစ်ဦးက တုတ်၊ ဓားများကိုင်ဆောင်၍ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဦးကျော်ထူးအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ AA လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ဦးကျော်ထူးသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ကျေးရွာ၌ တောင်ယာလုပ်ငန်းအလုပ်ကို ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလားတူ AA လက်နက်ကိုင်အဖွဲ့အနေနှင့် လုံခြုံရေးစခန်းများ၊ ရဲကင်းစခန်းများအား လုံခြုံရေး တပ်ဖွဲ့၀င်များအသွင်၊ အရပ်သားများအသွင်ဖြင့် အယောင်ဆောင်ကာ အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ဒေသအတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင်လျက်ရှိသော စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများ အပါအ၀င် အပြစ်မဲ့ပြည်သူများအား ယခုကဲ့သို့ မကြာခဏ ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ လက်ရှိအချိန်ထိ AA လက်နက်ကိုင်အဖွဲ့အနေနှင့် စစ်မှုထမ်းဟောင်းများ၊ ရဲအမှုထမ်းဟောင်းများကို အတင်းအဓမ္မဖမ်းဆီးမှု ၁၂ ကြိမ် (၁၂)ဦး၊ သတ်ဖြတ်မှု ၅ ကြိမ် (၈) ဦးရှိကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်ထူး၏ မိသားစုများက မအီနယ်မြေရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့် ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအား ပြန်လည်ရရှိရေး လုံခြုံရေးတပ်ဖွဲ့၀င်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

S-04