News

POST TYPE

NEWS

မအူပင် စားသုံးသူရေးရာမှ စားသောက်ကုန် များကို မျှတစျေးနှုန်းဖြင့်ရောင်း
07-Apr-2020


ပုသိမ်၊ ဧပြီ ၇

ဧရာဝတီတိုင်း မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မီးဖိုချောင်သုံး စားသောက် ကုန်အချို့ကို သင့်တင့်မျှတသော စျေးနှုန်းများဖြင့် မအူပင်မြို့ပေါ် နှင့် ကျေးလက်အချို့တွင် လှည့်လည် ရောင်းချပေးနေကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် COVID 19 အရေးပေါ် ကာလအတွင်း ပြည်သူများအကြား စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိစေရေး၊ ကုန်စျေးနှုန်းအဆမတန် ကြီးမြင့်လာမှုကို ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ အန္တရယ်ကင်းသော စားသောက်ကုန်များကို စားသုံးနိုင်ရေးအတွက် ရည်ရွယ်ကာ မမြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်ပိုင် ရှင်များအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်​သည်။

"ခုလို အရေးပေါ် ကာလမှာ အခြေခံလူတန်းစားတွေ အလွယ်တကူ ဝယ်ယူစားသောက်နိုင်ရေး အတွက် အခုလိုရောင်းချပေးတာပါ။ လူစုလူဝေးရှိတဲ့ နေရာတွေကို ရှောင်ကြဉ်နိုင်ရေးနဲ့ သင့်တင့်မျှတတဲ့ စျေးနှုန်းနဲ့ ပြည်သူတွေဝယ်ယူစားသုံးနိုင်အောင် ဝန်ထမ်းတွေက ရုံးချိန်မှာရော ရုံးချိန်ပြင်ပမှာပါ ရောင်းပေးနေတာပါ"ဟု မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပြောကြားသည်။

ဧည့်မထဆန်တစ်ပြည်လျှင် ၁ဝဝဝ ကျပ်၊ စားအုန်းဆီတစ်ဗူးလျှင် ၁၁၀၀ကျပ်၊ ဆားတထုပ်လျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချပေးပြီး အခြားသော မီးဖိုချောင်သုံး စားသောက်ကုန်များကိုလည်း သင့်တင့်မျှတသောစျေးနှုန်းဖြင့်ရောင်းချပေးနိုင်ရန် စီစဉ်နေကြောင်း ၎င်းက ရှင်းပြသည်။

မအူပင်မြို့ပေါ်ရပ်ကွက်များနှင့် ယင်းမြို့အနီး ကျေးရွာများသို့ စားသုံးသူရေးရာ ဦးစီးဌာနမှ သင့်တင့်သော စျေးနှုန်းများဖြင့် ရောင်းချပေး နေကြောင်းသိရသော်လည်း ဆက်သွယ်ရေး လမ်းကြောင်းမသင့်သေးသည့် ကျေးရွာအချို့တွင် စားသောက်ကုန်များ သင့်တင့်မျှတသော စျေးနှုန်းဖြင့်ရရှိရန် ခက်ခဲနေသေးကြောင်း ယင်းမြို့နယ်အတွင်းရှိ လင်္ကျားကြီး၊မိုးမခ၊ တွတ်တမူ ၊ပက်ပင်။ပလောင် စသည့် ကျေး လက်နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

R-04 
ဓာတ်ပုံ မောင်မျိုးထက်