News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးသည်ကို မကျေနပ်၍ လူတစ်စုက ဓားနှင့်ဝင်ခုတ်၊ အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
06-Apr-2020


တောင်ငူ၊ဧပြီ ၆

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ရွာမမြောက်ရပ်ကွက် ကံညီနောင်လမ်းရှိ အိမ်တစ်အိမ်တွင် ဧပြီလ ၅ ရက်နေ့ ည ၆ နာရီခွဲက ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးခံခဲ့ရသည်ကိုမ‌ကျေနပ်ဟုဆိုကာ လူတစ်စုက ဓားနှင့်ဝင်ခုတ်သဖြင့် အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ကြို့ပင်ကောက်မြို့မရဲစခန်းထံမှ စုံ စမ်းသိရှိရသည်။

``တနေ့က အခင်းဖြစ်နေအိမ်ပိုင်ရှင်က လူအုပ်နဲ့ ကိုဗစ်ရောဂါဝင်စစ်ဆေးခဲ့တယ်လို့သိရတယ်။ လူသတ်မှုက ဒီကိစ္စနဲ့ပတ်သက်တယ်လို့ယူဆရတယ်။ ကျူးလွန်သူတွေက တိမ်းရှောင်နေဆဲပါ´´ ဟု ကြို့ပင်ကောက်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ညက ကြို့ပင်ကောက်မြို့နယ် ရွာမမြောက်ရပ်ကွက် ကံညီနောင်လမ်းနေ ဘာဘူလေး(ခ)မောင်မြင့်(၅၂ နှစ်)၊ ဇနီးဖြစ်သူ သန်းဌေး (၅၄ နှစ်)၊ အောင်ငြိမ်းချမ်း(၂၁ နှစ်)နှင့် ထက်ထက်ဝင်း(၂၂နှစ် ) တို့ မိသားစုလိုက်ရှိနေစဉ် တစ်မြို့တည်းနေ ဦးမောင်အေး(၄၉ နှစ်) ဦးဆောင်သည့်အမျိုးသား၂၀ ခန့် ဝင်ရောက် လာပြီး ထိုးကြိတ်သဖြင့် မိသားစုလိုက်
ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အခင်းဖြစ်နေအိမ်သို့ ပန်းလာရောင်းသည့် စန်းစန်းမော်(၅၈ နှစ်)နှင့် သားများဖြစ်သည့် အောင်ကိုကိုဦး (၄၀ နှစ်)နှင့် အောင်ဇော်ဇော် (၂၆ နှစ်) တို့ကို လူတစ်စုက ဓားနှင့်ဆက်ခုတ်ခဲ့သဖြင့် သားအမိသုံးဦးစလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အောင်ဇော်ဇော်ဆိုသူမှာ အခင်းဖြစ်နေရာတွင် ရရှိခဲ့သောဒဏ်ရာများဖြင့်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကြို့ပင်ကောက်မြို့မရဲစခန်းထံမှ သိရသည်။

ကြို့ပင်ကောက်မြို့၌ဖြစ်ခဲ့သော လူသတ်မှုသည် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးသည့်ကိစ္စနှင့် ဆက်နွယ်နေသည်ဟုသိရှိထားသည့်အတွက် အသေးစိတ်စုံစမ်းနေသည်ဟု ပဲခူးတိုင်းအနောက်ခြမ်း ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တာဝန်ယူထားသည့် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက အတည်းပြု ပြောကြားသည်။

ယင်းလူသတ်မှုနှင့်ပတ်သက်၍ မောင်အေးအပါ အဝင် လူအုပ်စုကို ကြိုပင်ကောက်မြို့မရဲစခန်းမှ (ပ)၅၃၈/ ၂၀ ၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရန် စုံစမ်းရှာဖွေနေသည်ဟု အဆိုပါရဲစခန်းထံမှ သိရှိရသည်။

R-02