News

POST TYPE

NEWS

နော်ဝေသုတေသနရေယာဉ်က မြန်မာ့ရေပြင်အတွင်း ရေပေါ်ရေအောက်ငါးထုထည်ပမာဏ ထပ်မံတိုင်းတာမည်
06-Apr-2020


ရန်ကုန်၊ ဧပြီ ၆

မြန်မာ့ရေပြင်အတွင်း ၂၀၂၁ ခုနှစ်၌ နော်ဝေသုတေသနရေယာဉ် Dr.Fridtijof Nansen ဖြင့် ရေပေါ်ငါးများနှင့် ရေအောက်ငါးများ၏ ထုထည်ပမာဏကို ထပ်မံတိုင်းတာမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း သုတေသနပြုလုပ်မည့်အစီအစဉ်တွင် ရေပေါ်ရေအောက်ငါးများ၏ ထုထည်ပမာဏကို အကဲဖြတ်တိုင်းတာခြင်းနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ စီးပွားရေးအရအရေးပါသည့် ငါးသယံဇာတများ၏ မျိုးပွားသားပေါက်ချိန်၊ မျိုးပွားသားပေါက်ရာနေရာများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပိုမိုပြည့်စုံစွာရရှိစေရေး အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနနှင့် တက္ကသိုလ်များသည် ၂၀၂၁ ခုနှစ်တွင် မြန်မာ့ရေပြင်အတွင်း Dr.Fridtijof Nansen ရေယာဉ်ဖြင့် သုတေသနပြုလုပ်မည့်အစီအစဉ်များနှင့် သုတေသနပြုလုပ်ရန် အကောင်းဆုံးအချိန်ကာလသတ်မှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန်အတွက် အစည်းအဝေးပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။

“ငါးမဖမ်းရရာသီနဲ့ ငါးမဖမ်းရကာလကို ၆ လပိုင်းကနေ ၈ လပိုင်းအထိ ပိတ်တယ်ဆိုပေမယ့် Dr.Fridtijof Nansen ရဲ့ သုတေသနရလဒ်အရ ပြောင်းပိတ်သင့်တယ်ဆိုတဲ့အကြံပြုချက်ကို အီးမေးလ်နဲ့တော့ရပြီ။ အဲဒီကာလမှာ တန်ဖိုးရှိတဲ့ငါးကြီးငါးကောင်းတွေပေါက်တယ်ပေါ့။ သူတို့တွေ့ရှိတဲ့အပေါ်မူတည်ပြီး ပိတ်သင့်ရင်ပိတ်ရမှာပေါ့” ဟု ငါးလုပ်ငန်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေနှင့် သုတေသနပြုလုပ်ရန် အကောင်းဆုံးအချိန်ကာလသတ်မှတ်နိုင်ရေးအတွက် မုတ်သုံရာသီမတိုင်မီ အစည်းအဝေးတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ ထပ်မံသိရသည်။

အဆိုပါအစည်းအဝေးသည် မြန်မာ့စီးပွားဖြစ်ရေငန်ငါးများ၏ စတင်မျိုးပွားသားပေါက်ချိန်ကို အတည်ပြုရန်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ငါးမဖမ်းရရာသီကို ရေငန်ငါးများ၏ စတင်မျိုးပွားသားပေါက်ချိန်ကာလသို့ ပြောင်းရွှေ့သတ်မှတ်ရန်စဉ်းစားနေချိန်တွင် ပိုမိုကျယ်ပြန့်သည့်သိပ္ပံဆိုင်ရာအခြေခံဗဟုသုတများရရှိရန် အရေးကြီးကြောင်း ယင်းဌာနထံမှ သိရသည်။

မြန်မာ့ရေပိုင်နက်အတွင်း နော်ဝေသုတေသနရေယာဉ် Dr Fridtjof Nansen ဖြင့် ၁၉၇၉ ခုနှစ်နှင့် ၂၀၁၃ခုနှစ်တို့တွင် သုတေသနနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၁၃ခုနှစ် သုတေသနရလာဒ်အရ ရေပေါ်ငါး ၁ဝရာခိုင်နှုန်းနှင့် ရေအောက်ငါး ၃ဝရာခိုင်နှုန်းသာကျန်ရှိကာ ရေပေါ်၊ ရေအောက်ငါး ၆ဝရာခိုင်နှုန်းဆုံးရှုံးသွားကြောင်း၊ ၂၀၁၈ခုနှစ်တွင် တတိယအကြိမ်မြောက်တိုင်းတာခြင်းဖြစ်ကာ သုတေသနရလာဒ်များကိုအခြေခံ၍ ငါးလုပ်ငန်းစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

S-07