News

POST TYPE

NEWS

ပလက်ဝတွင် AA လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက် ဆက်နွယ်သူ ၂ ဦးကိုဖမ်းဆီး
05-Apr-2020

ရန်ကုန်၊ ဧပြီ ၄

ချင်းပြည်နယ် ပလက်ဝမြို့နယ် ထရွန်အိုင်ကျေးရွာမှ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ပတ်သက်ဆက်နွယ်သူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပလက်ဝမြို့နယ် ထရွန်အိုင်ကျေးရွာမှ AA လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူများဖြစ်သည့် အောင်မင်းသိန်း အသက် ၃၉ နှစ်(ဘ) ဦးသာဖြူအောင် ထရွန်အိုင် ကျေးရွာနေသူနှင့် မမိုးစန္ဒာ (ခ) ဗိုလ်မချေ ၊ အသက် ၂၁ နှစ်(ဘ) ဦးမောင်လတ်၊ ကျောက်တန်း ကျေးရွာနေသူတို့ ၂ ဦးအား သက်သေ အထောက် အထားများ နှင့်အတူ ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ဧပြီလ ၄ ရက်နေ့က တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများဖြစ်ကြသည့် အောင်သိန်းမင်းသည် AA လက်နက်ကိုင်အဖွဲ့အတွက် ၂၀၁၄ ခုနှစ်မှစတင်၍ ရိက္ခာတာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး မိုးစန္ဒာ(ခ) ဗိုလ်မချေသည် နေရပ်ဖြစ်သော ကျောက်တန်းကျေးရွာတွင် ရွာခန့် ရခိုင်စာသင် ဆရာမ အဖြစ် လုပ်ကိုင်ခဲ့ရာမှ ထရွန်အိုင် ကျေးရွာသို့ ၂၀၂၀ ပြည့်နှစ် မတ်လဆန်းပိုင်းတွင် ရွာသူ အသွင်ဖြင့် ရောက်ရှိ နေထိုင်ခဲ့ကာ တပ်မတော် စစ်ကြောင်းတစ်ခုမှ စစ်သည် တစ်ဦးအား သမီးရည်းစား အဆင့်သို့ ရောက် အောင် ဖြားယောင်း ဆွေးဆောင်ပြီးနောက် AA အဖွဲ့သို့ ဝင်ရောက်ရန်နှင့် စစ်ကြောင်း၏ သတင်းများ ကြိုတင်ရရှိရန် စည်းရုံးခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ် အတွင်း တပ်မတော်စစ်ကြောင်း အသီးသီးသို့လည်း အဆိုပါ ဖြစ်စဉ်မျိုး လုပ်ကြံစည်းရုံးရန် ကြိုတင် သတင်း ရရှိသဖြင့် သတင်းဖြန့်ဝေ ထားမှုအရ လည်းကောင်း၊ စည်းရုံးခံရသည့် စစ်သည်ကလည်း သစ္စာရှိစွာ အဖြစ် မှန်ကို အထက်ဌာနသို့ တင်ပြခဲ့သဖြင့် လည်းကောင်း မိုးစန္ဒာ(ခ) ဗိုလ်မချေအား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်က ဖော်ပြထားသည်။

အလားတူ ၊ ဧပြီလ ၃ ရက်နေ့က တပ်မတော်သတင်းထုတ်ပြန်ချက်တစ်ခုတွင်လည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာအတွင်း AA လက်နက်ကိုင်အဖွဲ့ဝင်များက ဒေသခံရွာသူရွာသားများအသွင်ဖြင့် နေထိုင်ကာ ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများ ပြုလုပ်နေသည့် ဦးအောင်စံလှ၊ အသက် ၅၆ နှစ်(ဘ) ဦးသာလှအောင် အပါအဝင် AA လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးတို့ကို စုပုံထားသည့်ရိက္ခာများ၊ ဆေးဝါးများ၊ NGO အဖွဲ့အစည်းများမှ စစ်ဘေးရှောင် စခန်းသို့ ထောက်ပံ့သည့် ရိက္ခာပစ္စည်းများနှင့် မိုင်းထောင်ဖောက်ခွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် အစိုးရအနေနှင့် AA လက်နက်ကိုင်အဖွဲ့အပေါ် အကြမ်းဖက်အုပ်စုအဖြစ်နှင့်လည်းကောင်း မတရားအသင်းအဖြစ်လည်းကောင်း ကြေညာထားပြီး တပ်မတော်ဘက်ကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

အဆိုပါ ဖမ်းဆီးရမိသူများကို တရား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့ လွှဲပြောင်း အပ်နှံခဲ့သည်။

S-04