News

POST TYPE

NEWS

ပြည်တွင်းစားသုံးဆီဖူလုံရန် ဆီထွက်သီးနှံများ သုတေသနပြုလုပ်
01-Apr-2020


ရန်ကုန်၊ မတ် ၃၁

ပြည်တွင်းတွင် စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်သီးနှံ သုတေသနဌာနစုအနေနှင့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းနှင့် ဆူးပန်းအစရှိသည့် ဆီထွက်သီးနှံများကိုသုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ရေ၊ မြေဒေသရာသီဥတုနှင့် ကိုက်ညီ၍ အထွက်နှုန်းကောင်းခြင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်း၊ အရည်အသွေးကောင်းမွန်ခြင်းစသည့် အရည်အချင်းလက္ခဏာများနှင့်ပြည့်စုံသည့် မျိုးကောင်း၊ မျိုးသန့်များကိုသုတေသနပြုမွေးမြူရွေးချယ် ထုတ်လုပ်ရေးသည့် အဓိကလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။

မြေပဲသီးနှံသုတေသနအနေနှင့် သက်လျင်မျိုး (ဆင်းပဒေသာ-၇ ကဲ့သို့ သက်တမ်း ၉၀-၉၅ ရက်ရှိမြေပဲမျိုး)၊ အထွက်ကောင်းမျိုး (ဆင်းပဒေသာ-၁၁ ကဲ့သို့ အထွက်ကောင်းမျိုး)၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသည့်မျိုး၊ ရေငတ်ဒဏ်ခံနိုင်ရည်ရှိသည့်မျိုး (ဆင်းပဒေသာ-၁၂ ကဲ့သို့  ရေငတ်ဒဏ်ခံနိုင်ရည်ရှိသည့်မျိုး)၊ ဈေးကွက်အလားအလာကောင်းသည့် အစေ့စားမျိုးများ မွေးမြူထုတ်လုပ်ရန်အတွက်  မျိုးကူးစပ်ခြင်း၊ မွေးမြူရွေးချယ်ခြင်းနှင့် အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်း သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပဏာမအထွက်ယှဉ်ပြိုင်ခြင်း၊ ဒုတိယအဆင့်အထွက်ယှဉ်ပြိုင်ခြင်း၊ အဆင့်မြင့်အထွက်ယှဉ်ပြိုင်ခြင်း၊ ဒေသအလိုက် အထွက်ယှဉ်ပြိုင်ခြင်း၊ အလားအလာကောင်းသည့် မျိုးများသရုပ်ပြစမ်းသပ်ခြင်း၊ အကွယ် ကျယ်သရုပ်ပြစမ်းသပ်ခြင်းအဆင့်ဆင့် ဆောင်ရွက်ပြီးမှသာ ရရှိလာသည့်မြေပဲ မျိုးသစ်ကို မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီနှင့် မျိုးစေ့ဆိုင်ရာအမျိုးသား ကော်မတီတို့တွင် မှတ်ပုံတင်၍ မျိုးသစ် အဖြစ်အတည်ပြုထုတ်ဝေခြင်းဖြစ်ပြီး ဒေသအလိုက်သင့်တော်သည့် မြေပဲမျိုး များမွေးမြူထုတ်လုပ်ခြင်းသုတေသနများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနထံမှ သိရသည်။

S-07