News

POST TYPE

NEWS

ယခုနှစ် ရန်ကုန် အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက် ဈေးမြှင့်ထား
01-Aug-2016

ရန်ကုန်၊ ဇူလိုင် ၃၁

နှုန်းဟောင်းများ အတိုင်းသာ ဆက်လက်ကောက်ခံနေသည့် အတွက် ယခုနှစ် ရန်ကုန်တိုင်းဒေသကြီး အတွက် အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်ချက်များတွင် လျော့နည်းသတ်မှတ်ထားသည့် နေရာဟူ၍ မရှိဘဲ နှုန်းထားမြှင့် တင်ထားသည့် နေရာများသာ ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ 

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် နှုန်းထား ပြင်ဆင်သတ်မှတ်ထားသည့် အိမ်၊ ခြံ၊ မြေ စံနှုန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့ တင်ပြထားပြီး ပြန်လည်ရရှိခြင်း မရှိသေးသည့်အတွက် ထုတ်ပြန်မည်၊ မထုတ်ပြန်မည် ဆိုသည်မှာ မသေချာသေးကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ဒီနှစ်စံနှုန်းမှာ အရင်နှစ်ကအတိုင်း ဖြစ်မယ့် နှုန်းထားတာတွေလည်း ပါမယ်။ နည်းသွားတာတော့ မရှိလောက်ဘူး။ များသွားတာပဲ ရှိလောက်တယ်။ သူ့နေရာနဲ့သူ များသွားမယ့် သဘော ရှိတာပေါ့။ ဥပမာ- သန်လျင်ဆိုရင် များသွားမယ့်သဘော ရှိတာပေါ့။ သန်လျင်ရဲ့ ပေါက်ဈေးက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ဈေးထက် အရမ်းများနေပြီလေ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။ 
 
ယခုဘဏ္ဍာနှစ်အတွက် အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်ချက်များကို ပြင်ပတွင် ဖြစ်ပေါ်နေသည့် နှုန်းထားများနှင့် အနီးစပ်ဆုံး သတ်မှတ်ထားပြီး နှုန်းထားသတ်မှတ်ရာတွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များနှင့် မြို့နယ်အခွန်ဦးစီးမှူးများထံမှ အချက်အလက်များ ရယူ၍ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက် ထုတ်ပြန်လျှင်လည်း အေးစက်နေသည့် အရောင်းအဝယ် ဈေးကွက်ကို သက်ရောက်နိုင်ခြေ နည်းပါးပြီး အိမ်၊ ခြံ၊ မြေ စံနှုန်း တိုးမြှင့်ခြင်းကြောင့် အရောင်းအဝယ် ပိုမိုအေးစက်သွားနိုင်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။ 

လက်ရှိအသုံးပြုနေသည့် စံနှုန်းသတ်မှတ်ချက်များသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က သတ်မှတ်ထားသည့် စံနှုန်းများဖြစ်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက ၂၀၁၅-၁၆ စံနှုန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ တင်ပြခဲ့သော်လည်း အတည်ပြုခြင်း မရှိခဲ့သည့်အတွက် နှုန်းဟောင်းကိုသာ ပြန်လည်အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း အစိုးရ အတည်မပြုပါက နှုန်းဟောင်းအတိုင်း ဆက်လက်ကောက်ခံမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။