News

POST TYPE

NEWS

နိုင်ငံခြားသားများအားလုံးကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှုရပ်ဆိုင်း
29-Mar-2020


ရန်ကုန်၊ မတ် ၂၉

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့်ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားအားလုံးအပေါ် မတ်လ ၂၉ ရက်နေ့ မှစတင်၍ ဧပြီလ ၃၀ ရက်နေ့အထိ ပြည်ဝင်မှုဆိုင်ရာ ယာယီကန့်သတ်ချက်များကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကန့်သတ်ချက်များအရ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံနှင့် အပြန်အလှန်ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ/ သင်္ဘောအရာရှိ များ၊ တာဝန်ရှိအမှုထမ်းများမှလွဲ၍ လူမှုရေးဗီဇာအပါအဝင် မည်သည့် ပြည်ဝင်ဗီဇာထုတ်ပေးခြင်းကိုမဆို ယာယီရပ်ဆိုင်းခြင်း၊ အာဆီယံနိုင်ငံများအပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအစီအစဉ်ဖြင့် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားသော နိုင်ငံအားလုံးမှ နိုင်ငံခြားသားများအား (သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများမှအပ) ဗီဇာ ကင်းလွတ်ခွင့်ကို ယာယီရပ်ဆိုင်းခြင်းတို့ကို ထည့်သွင်းကန့်သတ်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ်ဆင့် ပြည်ဝင်ဗီဇာလျှောက်ထားရယူနိုင်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နေ့ရက်မတိုင်မီနှင့် လေယာဉ်များပေါ်သို့ မတက်ရောက်မီ အသိအမှတ်ပြု ဓာတ်ခွဲခန်းမှ လွန်ခဲ့သော (၇၂)နာရီ မတိုင်မီက ရရှိထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်အထောက်အထားပြသရန် လိုအပ်မည်ဖြစ်ပြီး ၎င်းတို့အားမြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန်မှစတင်၍ ၎င်းတို့နေအိမ်များတွင် ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် အပြန်အလှန်ပြေးဆွဲနေသည့် လေယာဉ်များနှင့်သင်္ဘောများမှ လေယာဉ်မှူးများ/သင်္ဘောအရာရှိများ၊ တာဝန်ရှိ အမှုထမ်းများအနေဖြင့်လည်း ပြည်ပ နိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ်ဆင့် ပြည်ဝင်ဗီဇာလျှောက်ထားရယူနိုင်မည်ဖြစ်သည်။

ပြည်ပနိုင်ငံအသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာကိစ္စရပ်ကြောင့် ဖြစ်စေ သို့မဟုတ် အရေးပေါ်တာဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပါက ပြည်ဝင်ဗီဇာကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်သည်။

S-09