News

POST TYPE

NEWS

တစ်ကမ္ဘာလုံး ကပ်ရောဂါရင်ဆိုင်နေရစဉ် တာတိုပစ်ဒုံးကျည်နှစ်စင်း မြောက်ကိုရီးယားထပ်မံပစ်ခတ် စမ်းသပ်
29-Mar-2020


ဆိုးလ်၊ မတ် ၂၉

တစ်ကမ္ဘာလုံး COVID-19 ကပ်ရောဂါဘေးသင့်သဖြင့် ရုန်းကန်နေရစဉ် မြောက်ကိုရီးယားသည် ၎င်းတို့၏ အရှေ့ဘက်ကမ်းရိုးတန်းမှ တာတိုပစ်ဒုံးကျည်နှစ်စင်း သမုဒ္ဒရာထဲသို့ ပစ်လွှတ်ခဲ့ရာ တစ်လတည်းတွင် လေးကြိမ်မြောက်ပစ်ခတ်မှုဖြစ်ကြောင်း သတင်းများကဖော်ပြထားသည်။

ကမ်းခြေမြို့ ဝန်ဆန်မှပစ်လိုက်ခြင်းဖြစ်ကာ ဂျပန်ပင်လယ်သို့ ၂၃၀ ကီလိုမီတာအထိ ကျရောက်ပေါက်ကွဲခဲ့သည်။

ဒုံးကျည်သည် ကီလိုမီတာ ၃၀ အမြင့်မှ ပျံသန်းသွားခဲ့သည်ဟု တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားသည်။

“COVID-19 ကူးစက်မှုကပ်ဘေးကြောင့် တစ်ကမ္ဘာလုံးအခက်အခဲများနှင့် ရင်ဆိုင်နေရစဉ် မြောက်ကိုရီးယား၏ ယခုကဲ့သို့ စစ်ရေးလုပ်ရပ်မှာ အလွန်အမင်း မသင့်လျော်ပါကြောင်း” တောင်ကိုရီးယား စစ်ဦးစီးချုပ်အဖွဲ့ကဆိုသည်။

ဒုံးကျည်ဟု ယူဆရသောအရာနှစ်ခုသည် ဂျပန်ရေပိုင်နက်ကို ဖြတ်သန်းကာ သမုဒ္ဒရာစီးပွါးရေး ဇုန်အတွင်းသို့ ရောက်လာခြင်းမရှိကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမေရိကန်နှင့် လက်နက်ဖြုတ်သိမ်းရေးကိစ္စ ကာလရှည်ကြာဆွေးနွေးနေခဲ့ပြီးနောက်တွင် ပြုံးယမ်း၏ အဆိုပါပစ်ခတ်စမ်းသပ်မှုများ ရှိလာခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် COVID-19 ကူးစက်ခံရမှု ဖြစ်စဉ်တစ်စုံတစ်ရာရှိကြောင်း အတိအလင်းထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော် ပိုးသတ်ဆေးများဖျန်းခြင်း၊ နေအိမ်အတွင်းနေစေကာ ရောဂါပြန့်ပွါးမှုကို ထိန်းချုပ်ခြင်းများ ဆောင်ရွက်နေမှုများတော့ရှိသဖြင့် ကူးစက်မှုများရှိနေပြီဟု ယူဆကြသည်။

ရောဂါပြန့်ပွါးမှုများရှိနေသဖြင့် အေးအေးဆေးဆေးရှိနေပါကြောင်း ၎င်းတို့ ပြည်သူကို ပြသလိုသောကြောင့် ဒုံးကျည်များပစ်ပြနေသည်ဟု ယူဆချက်များလည်း ရှိသည်။

ကင်ဂျုံအန်း နှင့် သမ္မတထရမ့်တို့ ဟနွိုင်းတွင် တွေ့ဆုံခဲ့ကြပြီးနောက် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ်မှုများ ပိုမိုများပြားလာသည်ဟု စောင့်ကြည့်သူများက ဆိုသည်။ 

F-02