News

POST TYPE

NEWS

မိုင်းကိုင်တွင် တပ်မတော်နှင့် RCSS တိုက်ပွဲ ဆက်ဖြစ်
29-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အနီးတွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ သုံးရက်ဆက်တိုက်ဖြစ်ပွားနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

တပ်မတော်နှင့်  RCSS လက်နက်ကိုင်အဖွဲ့တို့ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ တိုက်ပွဲများ ရပ်တန့်သွားခြင်း မရှိသေးပေ။

စတင်ဖြစ်ပွားသည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ လက်ရှိ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ တိုက်ပွဲများ ရပ်သွားလိုက် ၊ ပြန်လည်ဖြစ်ပွားလိုက်နှင့် အဆိုပါ ဟမ်းငိုင်းကျေးရွာအုပ်စု တောတောင်များတွင် နေရာအနှံ့ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က ပြောကြားသည်။

ယင်းတိုက်ပွဲများကြောင့် အနီးတစ်ဝိုက်ကျေးရွာများမှ ထွက်ပြေးသူများရှိနေပြီး စစ်ရှောင်နေရသူ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ၁၀ဝ ကျော်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အခုတော့ သွားကူညီဖို့လည်းမလွယ်သေးဘူး။ သူတို့လည်း အဲဒီလောက်အထိ ထိခိုက်မှုမရှိသေးဘူး။ တိုက်ပွဲကလည်း အနားကပ်ဖို့ မလွယ်သေးဘူး။ တိုက်ပွဲကလည်း အခုထိမပြီးသေးဘူး။ သတင်းကလည်း ဘာမှအတိအကျမရသေးတော့ အသေအချာကြီးပြောနိုင်တဲ့ အခြေအနေမရှိသေးဘူး။ စစ်ဘေးရှောင်တွေ သူတို့ဘယ်လိုနေလဲဆိုတာတောင် မသိသေးဘူး။ ဒါပေမဲ့ အချိန်ပေးပြီးတော့ စောင့်ကြည့်နေပါတယ်။ နားစွင့်နေပါတယ်။ သူတို့တကယ်တမ်းလိုအပ်ရင်ကူညီပေးဖို့” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရခြင်းသည် တပ်မတော်က ပုံမှန်လုံခြုံရေးဆောင်ရွက်နေစဉ် RCSS အဖွဲ့က ရောက်နေခြင်းဖြစ်ပြီး အဆိုပါ နယ်မြေသည် တပ်မတော်က ပုံမှန်ခွင့်ပြုပေးထားသည့် နယ်မြေမဟုတ်ဘဲ ခွင့်ပြုထားသည့်နယ်မြေထက် ကျော်လွန်နေသည့်အတွက် ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တိုက်ပွဲစတင်ဖြစ်ပွားသည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က The Voice သတင်းစာသို့ ဖြေကြားထားသည်။

“နှစ်ဖက်တွေ့ပြီးတော့ ထိတွေ့မှုဖြစ်တာပါပဲ။ ပုံမှန်အတိုင်းဆို သူတို့က စစ်တိုင်းအရဆို ရ.လ.ခ နယ်မြေအတွင်းမှာ ရှိရမှာပေါ့။ ဒါပေမဲ့ သူတို့က ရ.မ.ခ နယ်မြေအတွင်းမှာရောက်နေတယ်။ အဲဒါကြောင့်မို့ ထိတွေ့မှုဖြစ်ပွားတာပါ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်ဘက်က ယင်းသို့ ပြောဆိုသော်လည်း RCSS အဖွဲ့ဘက်ကမူ တပ်မတော်အနေနှင့် RCSS နယ်မြေအတွင်း အင်အားနှင့် ဝင်ရောက်ခဲ့ပြီး လှုပ်ရှားခဲ့ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RCSS ဘက်က ဆိုသည်။

အဆိုပါ မိုင်းကိုင်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်စစ်ကြောင်းများ ရောက်ရှိနေခြင်းဖြစ်ကာ RCSS တပ်စခန်းရှိရာ လွိုင်တောင်းစခန်းကို တပ်မတော်ဘက်က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း RCSS က အရာရှိတစ်ဦး၏ ပြောဆိုသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုသည် သုံးနာရီကျော် လေးနာရီထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးတွင် တပ်မတော်ဘက်မှ လေယာဉ်ဖြတ်ပျံသန်းမှုများရှိခဲ့ကြောင်း ဒေသခံများက လူမှုကွန်ရက်စာမျက်နှာများတွင် ပြောကြားခဲ့ပြီး ဒေသခံများအနေနှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်မှုများရှိနေသည်။

လက်ရှိတွင် အစိုးရနဲ့ တပ်မတော်တာဝန်ရှိသူများက ယင်းနေရာမှ ပြန်လည်ဆုတ်ခွာသင့်ကြောင်းကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တာဝန်ရှိသူများထံ အကြောင်းကြားထားကြောင်းလည်း သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့လည်းဖြစ်ပြီး လက်ရှိတွင် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်ရရေး အစိုးရနှင့် ဆွေးနွေးနေသည့်အဖွဲ့လည်းဖြစ်သည်။

ထို့ပြင် ၂၁ ရာစုပင်လုံညီလာခံတွင် ပါဝင်နိုင်ရေးအတွက် လာမည့်ဧပြီမတိုင်မီ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က RCSS လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

S-04