News

POST TYPE

NEWS

ကိုရီးယားမှပြန်လာသည့် ကျောင်းသူ ၇ ဦးကို နှစ်ပတ် စောင့်ကြည့်မည်
29-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေသည့် ကိုရီးယားနိုင်ငံ ဒယ်ဂူမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် မြန်မာကျောင်းသူ ၇ ဦးကိုလည်း ဝူဟန်မြို့သို့သွားရောက်ခေါ်ဆောင်ခဲ့ရသည့် မြန်မာကျောင်းသား ကျောင်းသူများကို စောင့်ကြည့်ခဲ့သကဲ့သို့  နှစ်ပတ် စောင့်ကြည့်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

ကိုရီးယားနိုင်ငံ ၊ အင်ချွန်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်ပျံသန်းလာသည့် လေယာဉ်သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဆိုက်ရောက်ခဲ့ပြီး ၎င်းလေယာဉ်ပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နေသည့် ကိုရီးယားနိုင်ငံ ဒယ်ဂူမြို့မှ မြန်မာကျောင်းသူ ၇ ဦးလည်းပါလာခဲ့ရာ ကျန်သည့်ခရီးသည်များအပ အဆိုပါကျောင်းသူ ၇ ဦးကိုသာ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

 “WHO ရဲ့ Solution အရ ရောဂါဖြစ်ပွားရာဒေသက လာတဲ့သူတွေကိုပဲ သီးခြားစောင့်ကြည့်ကုသတာမျိုး ထုတ်ထားတာဖြစ်တဲ့အတွက် WHO ရဲ့ Guideline အတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ သူတို့က သံသယလူနာလည်းမဟုတ်ဘူး ။ စောင့်ကြည့်လူနာလည်းမဟုတ်ဘူး။ ဝူဟန်ကနေသွားခေါ်တဲ့ ကျောင်းသား ၅၉ ယောက်ကို စောင့်ကြည့်ခဲ့သလို သူတို့ကိုလည်း နှစ်ပတ်စောင့်ကြည့်မှာပါ” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ဗဟိုကူးစက်ရောဂါ နှိမ်နင်းရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

ဝူဟန်မှပြန်လာသော ကျောင်းသားကျောင်းသူများကို စောင့်ကြည့်ခဲ့ရခြင်းမှာလည်း ရောဂါကူးစက်မှု မြင့်မားသည့်နေရာမှ ပြန်လည်ရောက်ရှိလာခဲ့သည့်အတွက် ရောဂါရှိ မရှိ မသေချာသည့်အတွက် သီးခြားစောင့်ကြည့်မှုများပြုလုပ်ခဲ့ရခြင်းဖြစ်ကာ ယခု ဒယ်ဂူမှပြန်လာသည့် မြန်မာကျောင်းသူ ၇ ဦးကိုလည်း ရောဂါပိုးရှိ မရှိ မသေချာသေးသည့်အတွက် စောင့်ကြည့်ရခြင်းဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ရှင်းပြသည်။

ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရသူ အရေအတွက်မှာ ၂၀ဝ၀ ကျော်အထိရှိလာပြီး သေဆုံးသူမှာ ၁၃ ဦးအထိရှိလာသည့်အတွက် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံပြီးပါက ကိုရီးယားနိုင်ငံသည် ဒုတိယအများဆုံးနိုင်ငံဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

S-09