News

POST TYPE

NEWS

ကန်ကြီးထောင့်ရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ရက်အကန့်အသတ်မရှိပိတ်
29-Feb-2020


ပုသိမ်၊ ဖေဖေါ်ဝါရီ ၂၉ 

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့ အမှတ် ၄ ရပ်ကွက်ရှိ တရုတ်နိုင်ငံသားပိုင် ဟွန်မှုန်အထည်ချုပ်စက်ရုံကို စက်ရုံပိုင်ရှင်က ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း ယင်းစက်ရုံအလုပ်သမားများထံ မှသိရသည်။ 

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကုန်ကြမ်းပစ္စည်းတင်သွင်းမှုရပ်ဆိုင်းသွား၍ ပိတ်ရခြင်းဖြစ်ကြောင်း ၊ ဖေဖော်ဝါရီလအတွက်လုပ်အားခအပါအဝင် လုပ်သက်အလိုက်နစ်နာကြေးနှင့် အချိုးကျ လုပ်သက်ခွင့်ကြေးများ တစ်ခါထဲပေးချေးသွားမည်ဖြစ်ကြောင်း လုပ်ငန်းပိုင်ရှင်မန်နေးဂျင်းဒါရိုက်တာ Mr. Jin Hua လက်မှတ်ရေးထိုးထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။ 

"စက်ရုံကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ရပါတယ် ၊ စာရင်းဇယားတွေလုပ်နေရတော့ ကျန်တဲ့အသေးစိတ်ကိုတော့ ပြောလို့ မရသေးပါဘူး" ဟု ယင်းစက်ရုံမန်နေဂျာ ဒေါ်မေသန္တာဇော်က ပြောဆိုသည်။ 

ကန်ကြီးထောင်မြို့အနီးဝန်းကျင်ဒေသများအတွက် အလုပ်အကိုင်အခွင့်အလမ်းတစ်ခု လျော့ကျသွားခြင်း ၊ ပုသိမ်မြို့တွင် တရုတ်နိုင်ငံ၏ ကုန်ကြမ်းအပေါ်မှီခိုနေရသည့် အထည်ချုပ်စက်ရုံများ ရှိနေခြင်းတို့ကြောင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းအတွက် အစိုးရအနေဖြင့် အလေးအနက်စဉ်းစားရမည့် စိန်ခေါ်မှုဖြစ်ကြောင်း ပုသိမ်မြို့မှ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးဆန်းလေးက ပြောကြားသည်။ 

"အလုပ်မရှိရင် စားဝတ်နေရေးအတွက် အခက်အခဲရှိလာတာပဲ။ ရက်အကန့်အသတ်မရှိ ယာယီပိတ်တယ်လို့သိရတယ်။ ဒါကြောင့် စက်ရုံပြန်ဖွင့်တာနဲ့ လက်ရှိအလုပ်သမားတွေ အလုပ်ခွင်အတွင်းမှာ မူလနေရာ ၊ မူလရာထူးအတိုင်း ပြန်ခန့်ပေးဖို့ အစိုးရက ဆောင်ရွက်ပေးသင့်တယ်" ဟု ယင်းစက်ရုံ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်ခိုင်နွေဦးမွန်က The Voice သို့ ပြောကြားသည်။ 

ဟွာမှုန်အထည်ချုပ်စက်ရုံ ရုတ်တရက်ပိတ်လိုက်ခြင်းအား ဧရာဝတီတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။ 

တရုတ်နိုင်ငံသားပိုင် ယင်းစက်ရုံကို ၂၀၁၄ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး လုပ်သား ၁၀ဝ၀ ဝန်းကျင်ရှိကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ၃၆ ရက်ကြာသည့် စက်ရုံအလုပ်သမားသပိတ်ဖြစ်ပွားခဲ့ဖူးပြီး နှစ်ဘက်ညှိနှိုင်း၍ အဆင်ပြေပြီးနောက် ၄၆ ရက်အကြာတွင် ယခုကဲ့သို့ ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ထံမှ သိရသည်။

R-04