News

POST TYPE

NEWS

အနည်းဆုံးလုပ်ခလစာပြင်ဆင်ရေး ၄လ နောက်ဆုတ်ပေးရန် အထည်ချုပ်လုပ်ငန်းရှင်များ တောင်းဆို
29-Feb-2020
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၉

နှစ်, နှစ်လျှင်တစ်ကြိမ်ပြင်ဆင်ရမည့် အနည်းဆုံးလုပ်ခလစာ ပြင်ဆင်ရေးအား လေးလနောက်ဆုတ်ပေးရန် အထည်ချုပ်လုပ် ငန်းရှင်များက တောင်းဆိုခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCL)မှ ပြန်ကြားရေးတာဝန်ခံ မအေးအေးခိုင်က ပြောကြားသည်။

“လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းတွေမရဘူး။ အော်ဒါတွေကလည်း မရတော့ဘူး တစ်ချို့စက်ရုံတွေဆို ပိတ်ကုန်ပြီ ဒါကြောင့် အနည်းဆုံးအခကြေးငွေ ပြင်ဆင်မှုကို လေးလနောက်ဆုတ်ပေးဖို့ တောင်းဆိုတာပါ” ဟု ၎င်းကဆိုသည်။

ကုန်ကြမ်းပြတ်လတ်မှုကြာမြင့်ခဲ့ပါက လုပ်သားများလျော့ချခြင်း ၊ စက်ရုံလည်ပတ်မှုယာယီရပ်နားခြင်းနှင့် အဆိုးဆုံးအခြေအနေတွင် လုပ်ငန်းပိတ်သိမ်းခြင်းအဆင့်ထိ ကြိုတင်ပြင်ဆင်နေကြသဖြင့် အလုပ်ရှင် ၊ အလုပ်သမားကြား မလိုလားအပ်သော လုပ်ခလစာ ပြသာနာများဖြစ်ပေါ်လာနိူင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

မြန်မာနိူင်ငံရှိ အထည်ချုပ်လုပ်ငန်းရှင်အများစုသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရိုက်ခတ်မှုကြောင့် အထိနာနေပြီး လက်ရှိအခြေအနေတွင် အနည်းဆုံးလုပ်ခလစာ ပြင်ဆင်သတ်မှတ်ပြဌာန်းရေးသည် ဖိအားပေးတိုက်တွန်းလုပ်ဆောင်ရမည့်အချိန်မဟုတ်သေးကြောင်း အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့(LHEO)မှ တာဝန် ဒေါ်ခခက မှတ်ချက်ပေးသည်။

အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ်ရေးကို မေလတွင် လုပ်ဆောင်ရမည်ဖြစ်ကာ ယင်းကာလအတွင်း ကုန်ကြမ်းပြတ်လပ်မှုများရှိ နေပါက အစိုးရ ၊ အလုပ်ရှင် ၊ အလုပ်သမား ၊ သုံးပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်ကြမ်းပြတ်လပ်မှုကိုအကြောင်းပြ၍ အနည်းဆုံးအခကြေးငွေတိုးပြင်ဆင်ရေးကို သတ်မှတ်ကာလထက် ပိုမိုနောက်ဆုတ်ပါက လက်မခံနိုင်ကြောင်း ၎င်းကပြောကြားသည်။

ကုန်သည်စက်မှုအသင်းချုပ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်မှုဖြစ်နေသည့် အကြောင်းအပြင် အလုပ်သမားများကိုလည်း နားလည်မှုရှိစွာဖြင့် ဆန္ဒပြသပိတ်မှောက်မှုများ မပြုလုပ်ကြရန်နှင့် အလုပ်ရှင် ၊ အလုပ်သမားကြား နားလည်မှုရရှိစေရန် ပကတိအခြေအနေမှန် သတင်းအချက်အလက်များကို အစိုးရမှအချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးရန်စသော အချက် ၁၀ ချက်ကို အစိုးရထံ တောင်းဆိုခဲ့သည်။

အလုပ်သမားတစ်ဦး၏ အနည်းဆုံးအခကြေးငွေဥပဒေ ၂၀၁၃ တွင် အလုပ်သမားတစ်ဦး တစ်နာရီ ၄၅၀ နှုန်းဖြင့် ၈ နာရီ ၃၆ဝ၀ ကျပ် သတ်မှတ်ခဲ့ပြီး ၂၀၁၈ တွင်ပြဌာန်းသော အနည်းဆုံးအခကြေးငွေတွင်မူ အလုပ်သမားတစ်ဦး တစ်နာရီ ၆၀ဝ ကျပ်နှုန်းဖြင့် ၈ နာရီ ၄၈၀ဝ ကို သတ်မှတ်ခဲ့သည်။

J-01