News

POST TYPE

NEWS

လှိုင်သာယာတွင် တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ ထပ်မံဆန္ဒပြ
29-Feb-2020


ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၉ 

လှိုင်သာယာစက်မှုဇုန်တွင် တိုင်ရီဖိနပ်စက်ရုံအလုပ်သမား နှစ်ရာကျော်တို့သည် လုပ်ခလစာဖြတ်တောက်မှုကို မကျေနပ်သဖြင့် ဖေဖော်ဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံဆန္ဒပြခဲ့ကြသည်။

ယင်းအလုပ်သမားများသည် လှိုင်သာယာရှိ စက်မှုဇုန် ၊ နဝဒေး ၊ ဗိုလ်ချုပ်နှင့် ဘုရားလမ်း ကားမှတ်တိုင်တို့တွင် ဆန္ဒပြတောင်းဆိုကြပြီး နံနက် ၈ နာရီတွင် တိုင်ရီဖိနပ်စက်ရုံရှေ့ရှိ သပိတ်စခန်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။



လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ရီအလုပ်သမားသပိတ်သည် ၁၉ ရက်တာ ကာလကြာမြင့်နေပြီဖြစ်သော်လည်း အလုပ်ရှင် ၊ အ လုပ်သမားပြသာနာမှာ ပြေလည်မှုမရရှိသည့်အတွက် ထပ်မံဆန္ဒပြရခြင်းဖြစ်ကြောင်း ယင်းစက်ရုံ၏ အလုပ်သမားသမဂ္ဂ
ဥက္ကဌဒေါ်ယုယုခိုင်က ပြောသည်။

“နေ့လည်မှာ တိုင်းအလုပ်သမားရုံးမှာ ဖြေရှင်းမယ်။ အဖြေတစ်ခုတော့ ထွက်လာမှာပေါ့။ အဲ့အပေါ်မှာအခြေခံပြီး လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။

တိုင်ရီဖိနပ်စက်ရုံသည် လုပ်ခလစာနည်းပါးမှုကြောင့် အလုပ်ရှင်အားလစာတိုးပေးရန် ဖေဖော်ဝါရီ ၁၀ ရက်တွင် တောင်းဆိုခဲ့ရာမှ လိုက်လျှောမှုမရှိသဖြင့် စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်လှစ်ခဲ့ပြီးနောက် ဖြေရှင်းခဲ့သည်မှာ ၆ ကြိမ်မြောက်ရှိသော်လည်း ပြေလည်မှုမရှိသေးပေ။

အလုပ်သမားများသည် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းကြသော်လည်း ပြေလည်မှုမရှိသည့်အတွက် ဝန်ကြီးချုပ်မှ တာဝန်ယူဖြေရှင်းပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့က သွားရောက်စုစည်းကာ အကူအညီတောင်းခံထားသည်။

J-01