News

POST TYPE

NEWS

ရွှေလီတွင် ကျောက်ဝိုင်းခင်းသူများကို တရုတ်ရဲ မောင်းထုတ်
29-Feb-2020
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၉

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ရွှေလီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကာကွယ်သည့်အနေဖြင့် ကျောက်ဝိုင်းများပိတ်ပင်ထားသော်လည်း ဝိုင်းအပြင်ဘက်တွင် မြန်မာကုန်သည်အချို့ ကျောက်စိမ်းများ ခင်းကျင်းရောင်းချသဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က တရုတ်ရဲများမောင်းထုတ်ခဲ့ကြောင်း ယင်းမြို့ကျောက်ကုန်သည်များထံမှ သိရသည်။

ရွှေလီမြို့ရှိ ကျောက်ကုန်သည်တစ်ဦးက “ကျောက်ဝိုင်းက မဖွင့်သေးဘူး ။ ဝိုင်းအပြင်ဘက် ခင်းရောင်းကြတာ။တရုတ်တွေလည်းပါပါတယ် ။ တစ်ရက်နှစ်ရက် ဘာမပြောသေးဘူး ။ သုံးရက်မြောက်မှာ လူအရမ်းများလာလို့ ရဲကားနဲ့ လာမောင်းထုတ်တာ” ရှင်းပြသည်။

မြန်မာကျောက်စိမ်းဝယ်ရောင်းကုန်သည်အများစုသည် ရင်ကျန်းကျောက်ဝိုင်းနှင့် ရွှေလီကျောက်ဝိုင်းတို့တွင် အဓိကထားရောင်းချနေကြပြီး ယင်းကျောက်ဝိုင်းနှစ်ခုစလုံး ပိတ်ပင်ထားကာအရောင်းအဝယ်မရှိသည့်အတွက် ကျောက်စိမ်းများ လက်ဝယ်ပိုက်မိနေကြကြောင်း ဖားကန့်-ရွှေလီ ကျောက်စိမ်းဝယ်ရောင်းလုပ်နေသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

“ကျောက်တွေက ဝယ်တဲ့သူမရှိတော့ အမှိုက်ပုံးထဲပစ်ထည့်ထားပြီး ပြန်ရမလိုတောင်ဖြစ်နေပြီ” ဟု ၎င်းကဆိုသည်။

ကျောက်ဝယ်ရောင်းလုပ်သူအများစုမှာ ကျောက်စိမ်းများကို မှောင်ခိုကယ်ရီဖြင့် ရွှေလီနှင့် ရင်ကျန်းမြို့သို့ သယ်ယူပို့ဆောင်ကြပြီး လက်ရှိအခြေအနေကဲ့သို့ ကျောက်ဝိုင်းများပိတ်ထားသည့်အခါ မြန်မာပြည်ဘက်သို့ ပြန်လည်သယ်ဆောင်ရန်မှာလည်း အခက်အခဲများရှိနေကြောင်း ကျောက်ဝယ်ရောင်းလုပ်သူတို့က တူညီစွာ ပြောဆိုကြသည်။

တရုတ်နိုင်ငံ အန်ဟွေမြို့ နှင့် ကျယ်ကျန်းမြို့တို့မှ ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူ ၈ ဦးသည် ရွှေလီမြို့တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ထိ နေထိုင်ခဲ့ပြီး ကျောက်ဝိုင်း ယုတ်ရီဟိုတယ်နှင့် ယွေရှင်းဟိုတယ်တို့တွင် ကျောက်ဝယ်ယူရန် ကြည့်ရှုခဲ့ကြောင်း တရုတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ ၇၈,၀၀၀ ကျော် နှင့် သေဆုံးသူ ၂၇၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

MHS