News

POST TYPE

NEWS

ဖားအောက်တောရတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယောဂီလက်ခံမှု ယာယီရပ်ဆိုင်း
28-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဖားအောက်တောရ (ပင်မ) အနေနှင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လ ၃၁ ရက်နေ့အထိ ပြည်တွင်းပြည်ပ မည်သည့်ယောဂီကိုမျှ လက်မခံတော့ဘဲ ရဟန်းခံခြင်း၊ ရှင်ပြုခြင်း၊ သီလရှင်ဝတ်ခြင်းတို့ကိုလည်း မတ်လ ၃၁ ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ဖားအောက်တောရ (ပင်မ) က ကြေညာထားသည်။

“ဖားအောက်ကြီးကတော့ ပိတ်ထားပါတယ်။ ကျန်တဲ့နေရာကတော့ ကျန်းမာရေးကောင်း၊ မကောင်း စိစစ်ပါတယ်။ ဖျားနာချောင်းဆိုး ဖြစ်ရင်တော့ လက်မခံပါဘူး”ဟု ဖားအောက်တောရ (လှည်းကူး)မှ ရုံးတာဝန်ခံ ကိုနိုင်က ပြောကြားသည်။

အဆိုပါကိစ္စရပ်များကို ပိတ်ပင်ခြင်းများအပြင် တာဝန်အရ ပြည်ပသွား၍ ပြန်လာသူများအနေနှင့် စည်းကမ်းအရသတ်မှတ်ထားသော သီးသန့်ဆောင်တွင် ၁၄ရက်နေထိုင်ပြီး တိုက်နယ်ဆေးရုံ၏ ရောဂါကင်းရှင်းကြောင်းထောက်ခံချက်ဖြင့် ပုံမှန်နေထိုင်ခွင့်ပြုမည်ဖြစ်သလို မိမိဆန္ဒအရ ပြည်ပသို့ထွက်ခွာပြီး ပြန်ရောက် လာသူများသည် ၎င်းဓမ္မရိပ်သာတွင် နေထိုင်သီတင်းသုံးလိုပါက ကျောင်းတိုက်ပြင်ပတွင် ၁၄ရက်နေထိုင်ပြီး တိုက်နယ် ဆေးရုံ၏ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ဖြင့် နေထိုင်ခွင့်ပြုမည်ဖြစ်သည်။

ဖားအောက်တောရတွင် အလှူပြုလုပ်လိုသည့် ဆွမ်းအလှူရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ကိုယ်ပိုင်နှာခေါင်းစည်းများ တပ်ထားရန်၊ ဝေယျာဝေစ္စ ပြုလုပ်မည့်သူများအား အများဆုံး ၂၅ ယောက်သာ လာရောက်ခွင့်ပြုမည်ဖြစ်ပြီး ယခုနှစ်အတွင်း ပြည်ပမှပြန်လာသူများ နှာစေး၊ ချောင်းဆိုး၊ ဖျားနာသူများကို ခေါ်ဆောင်မလာရန် ကြေညာအသိပေးထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရန် လူစုလူဝေးများပြားသောနေရာနှင့် ပွဲလမ်းသဘင်များရှိရာ နေရာများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရန်၊ မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို ပြုလုပ်မည်ဆိုပါက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို တိကျစွာလိုက်နာရန် ထုတ်ပြန်ထားသည်။

S-09