News

POST TYPE

NEWS

တရားရုံးကင်းလွတ်ခွင့် သရုပ်ဆောင်မေသန်းနု၏ လျှောက်ထားချက်ကို ပလပ်
28-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ငွေကြေးသိန်းထောင်နှင့်ချီ လိမ်လည်ခဲ့သည်ဟုဆိုကာ ထပ်မံတရားစွဲဆိုခံထားရသည့် သရုပ်ဆောင်မေသန်းနု၏ တရားရုံးကင်းလွတ်ခွင့် လျှောက်ထားချက်ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ပလပ်ကြောင်း အမိန့်ချမှတ်လိုက်သည်။

ယင်းအမှုကို တွဲဖက်မြို့နယ် တရားသူကြီးက တရားခွင်တွင် အပြီးအသတ် ညှိနှိုင်းမှုအစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် မေသန်းနုဘက်က ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၅ (၁) အရ တရားရုံး ကင်းလွတ်ခွင့် လျှောက်ထားချက်နှင့် ပတ်သက်ပြီး ပြည့်စုံခြင်းမရှိသည့်အတွက် ပလပ်လိုက်ကြောင်း တရားသူကြီးက အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။

သရုပ်ဆောင်မေသန်းနု ချေးယူထားသည့်ငွေများကို ဒေါ်စန်းစန်းမြင့်နှင့် တွေ့ဆုံကာ ငွေကြေးအရ ညှိနှိုင်းခဲ့ပြီး တောင်းပန်ခဲ့သော်လည်း အဆင်မပြေသည့်အတွက် ဥပဒေအရဖြေရှင်းသွားမည်ဟု သရုပ်ဆောင်မေသန်းနု၏ ခင်ပွန်းဟောင်းဖြစ်သူ စင်ရော်မောင်မောင်က ဖေဖော်ဝါရီ ၂၅ ရက်တွင် မီဒီယာများသို့ ဖြေကြားခဲ့သည်။

တရားလို ဒေါ်စန်းစန်းမြင့်က “ကျွန်မကို ဘာမှမပေးပါဘူး။ သူတို့တွေ့ချင်လို့၊ ပေးချင်လို့ သွားတွေ့ခဲ့တယ်။ ပိုက်ဆံလည်း မမြင်ရဘူး။ တွေ့လည်း မတွေ့ရဘူး။ အဲ့ဒါကြောင့် ပြန်လာခဲ့တယ်။ သူတို့ပေးမယ်ဆိုတာဟာတွေ သူတို့ပဲပိုသိတယ်။ ပိုက်ဆံတွေပေးရင် ကျွန်မယူမှာပါ” ဟု ပြောသည်။

ယင်းအမှုကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ်စစ်ဆေးမည်ဖြစ်ပြီး ရုံးချိန်းကို မတ်လ ၁၀ ရက်သို့ ချိန်းဆိုထားကာ တရားလို ဒေါ်စန်းစန်းမြင့်အား စစ်ဆေးသွားမည်ဖြစ်သည်။

သရုပ်ဆောင်မေသန်းနုမှာ ၂၀၁၆ ခုနှစ်က ၎င်းရဲ့မိတ်ဆွေ ဒုက္ခရောက်နေသည့်အတွက် တရားလို ဒေါ်စန်းစန်းမြင့်ထံ ငွေကြေးအကူအညီတောင်းခံလာသောကြောင့် ဒေါ်စန်းစန်းမြင့်က လှည်းတန်းရှိ နှစ်ထပ်အိမ်တိုက်ခန်းကို ကျပ်သိန်း ၂၅၀၀ နှင့် ပေါင်နှံကာ ကူညီပေးခဲ့ပြီး အဆိုပါငွေများကို သရုပ်ဆောင်မေသန်းနုက ပြန်ဆပ်ခြင်းမရှိသည့်အတွက် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးသို့ လိမ်လည်မှုနှင့် ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ရန်ကင်းမြို့နယ် တရားရုံးက သရုပ်ဆောင်မေသန်းနုကို ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရပြီး လက်ရှိ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည်။ 

J-04