News

POST TYPE

NEWS

အမေရိကန်နိုင်ငံသားနှင့် တရုတ်လူမျိုးတို့တွင် ကိုရိုနာမတွေ့
28-Feb-2020


ရန်ကုန် ဖေဖော်ဝါရီ ၂၇

စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသည့် အမေရိကန်နိုင်ငံသားနှင့် မြန်နိုင်ငံသား တရုတ်လူမျိုးတစ်ဦးတို့၏ ဓါတ်ခွဲအဖြေများအရ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံတွင် ၃ လခန့်နေထိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ မလေးရှားနိုင်ငံသို့သွားရောက်ခဲ့သော ခရီးသွားရာဇဝင်ရှိသည့် အသက် ၃၂ နှစ်အရွယ် အမေရိကန်နိုင်ငံသားတစ်ဦးအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံသို့ပို့ဆောင်ပြီး သီးခြားထားရှိကုသကာ ဓါတ်ခွဲရယူစစ်ဆေးခဲ့ရာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ၎င်းဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့တွင်နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား၊ တရုတ်လူမျိုး အမျိုးသားတစ်ဦးကို စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ပြည်သူ့ဆေးရုံ (မူဆယ်) တွင် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ကာ ကုသမှုပေးပြီး ဓါတ်ခွဲနမူနာများရယူစစ်ဆေးခဲ့ရာ ၎င်းတွင်လည်း ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း အထက်ပါအတိုင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီအချိန်တွင် စောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိသော လူနာများမရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဓါတ်ခွဲအတည်ပြုလူနာမရှိသေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခင်က မြန်မာနိုင်ငံတွင်တွေ့ရှိသည့် သံသယလူနာများနှင့် စောင့်ကြည့်လူနာများ၏ ဓါတ်ခွဲနမူနာများကို WHO ၏ ရည်ညွှန်းဓါတ်ခွဲခန်းတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသို့ပို့ဆောင်စစ်ဆေးခဲ့ရသော်လည်း ယခုအခါ ဓါတ်ခွဲနမူနာများကို ဖေဖော်ဝါရီလ ၂၀ ရက်ကျော်မှစတင်ကာ ပြည်တွင်း၌ပင် စစ်ဆေးနိုင်ပြီဖြစ်သည်။

S-09