News

POST TYPE

NEWS

ဖွဲ့စည်းပုံအခြေခံဥပဒေသည် အများပြည်သူ သဘောတူကြည်ဖြူသည့် ဥပဒေဖြစ်ဖို့လိုဟုဆို
27-Feb-2020

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ဖွဲ့စည်းပုံအခြေခံဥပဒေသည် အများပြည်သူ့သဘောတူကြည်ဖြူသည့် ဥပဒေဖြစ်ရန်လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောကြားသည်။

“နိုင်ငံတစ်နိုင်ငံမှာ အရေးကြီးဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်ပါတယ်။ အခုရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘက်လိုက်တဲ့ပြဿနာရှိနေတဲ့အတွက် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ဖို့တာ မလွယ်ဘူး။ အခွင့်ထူးခံလူတန်းစားကို အကာအကွယ်ပေးနေတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပြင်နိုင်မှသာလျှင် တရားဥပဒေစိုးမိုးရေးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့၊ ကားပါကင်ဝင်းနေရာတွင် ဖေဖော်ဝါရီလ ၂၇ ရက်က မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းက ဦးဆောင်ကျင်းပသည့် လျှာမဲ့ချိန်ခွင် ဆွေးနွေးပွဲစကားဝိုင်းတွင် ကိုမြအေးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရအနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေဥပဒေက ပေးအပ်ထားသည့် ၇၅ ရာခိုင်နှုန်းအတွင်း အကန့်အသတ်များဖြင့် ဆောင်ရွက်နေရကြောင်း၊ ယင်းအပြင် ကိုလိုနီခေတ်အစိုးရ၊ ပါလီမန်ခေတ် အစိုးရ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အစိုးရတို့မှ ပြဋ္ဌာန်းထားသည့် ဥပဒေများအပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီအစိုးရတို့က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များဖြင့် ဆောင်ရွက်လုပ်ကိုင်နေရကြောင်း ကိုမြအေးက ဆက်လက်ရှင်းပြသည်။

နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်နေခြင်း၊ သဘာဝဘေးအန္တရယ်ကျရောက်နေခြင်း၊ ဆင်းရဲမွဲတေခြင်း၊ ပညာရည်နိမ့်ပါးနေခြင်း၊ လိင်အသိပညာပေးမှု အားနည်းနေခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း စသည့်အချက် ၆ ချက်ထဲမှ တစ်ခုခုဖြစ်နေပါက မုဒိန်းမှု၊ သက်ငယ်မုဒိမ်းမှုများ ဖြစ်တတ်ကြောင်း သက်ငယ်မုဒိမ်းမှုကာကွယ်ရေးတွင် တက်ကြွစွာဆောင်ရွက်ပေးနေသူ ကိုဖဒိုစိုးထိုက်က ပြောကြားသည်။

S-08