News

POST TYPE

NEWS

မီးရှို့ခံရသောကလေးငယ်အမှု အမှုအမှန်ပေါ်ပေါက်ရေး အွန်လိုင်းလှုပ်ရှားမှု ပြုလုပ်
27-Feb-2020


ပုသိမ်၊ ဖေဖော်ဝါရီလ ၂၆

လပွတ္တာမြို့မှ မီးရှို့ခံရသော ၁၃ နှစ် အရွယ် ကလေးငယ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် လူမှုကွန်ရက်လှုပ်ရှားမှု (Facebook Profile Campaigne) ကို လပွတ္တာမြို့သူမြို့သားများက ဦးဆောင်ပြုလုပ်နေကြောင်း လပွတ္တာမြို့ ကရုဏာမျက်ဝန်း ပရဟိတအဖွဲ့ထံမှ သိရသည်။

ယင်းလှုပ်ရှားမှုကို ဒုတိယမြောက် ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ပေါက်ရေး (Justice For Second Victoria-Lapputa) ဟု အမည်ပေးထားပြီး အမှုမှန် ပေါ်ပေါက်သည်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း လပွတ္တာမြို့ ကရုဏာမျက်ဝန်း ပရဟိတအဖွဲ့မှ ဆရာတော် ဦးပညာလောက က မိန့်ကြားသည်။

“လူလူချင်း ချစ်ခြင်း၊ မုန်းခြင်း ကင်းပါတယ်။ အဓိကတော့ ဒီကလေးအတွက်ကို အမှန်တရားပေါ်ပေါက်အောင် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီတဲ့အနေနဲ့ ဒီကမ့်ပိန်းကို လုပ်ဖြစ်တာ” ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

ဒုတိယမြောက် ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ပေါက်ရေး (Justice  For Second Victoria- Lapputa) ကမ့်ပိန်း၌ ပါဝင်အသုံးပြုသူ ၄၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း၊ လူအခွင့်အရေး တရားမျှတရေး တရားဥပဒေစိုးမိုးရေးတို့အတွက် ပါဝင်လှုပ်ရှားနေခြင်းဖြစ်ကြောင်း လူမှုရေးတက်ကြွလှုပ်ရှားသူ soe thi ha min အကောင့်ပိုင်ရှင်က The Voice သို့ ပြောကြားသည်။

အသက် ၁၃ နှစ်ရှိ မောင်ဖိုးစနေသည် မိခင်ဖြစ်သူနှင့်အတူ တုနှိုင်းမမီ ထမင်းနှင့် ရခိုင်မုန့်တီဆိုင်၌ ဆိုင်အကူ အဖြစ် အလုပ်လုပ်ကိုင်နေစဉ် ငွေရှစ်သောင်း ခိုးယူသည်ဟု ဆိုင်ရှင်အမျိုးသမီးကစွပ်စွဲကာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ညက မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လပွတ္တာ ၃ မိုင်မြို့သစ် ဆေးရုံ သို့ တက်ရောက်ဆေးကုသမှုခံယူခဲ့ကာ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေပြီ ဖြစ်သည်။

မောင်ဖိုးစနေအား မီးရှို့ခဲသည့် အသက် ၃၆ နှစ်အရွယ် ဒေါ်ဒေါ်ချိုချိုစန်းကို ပုသိမ်မြို့အခြေစိုက် ဧရာဝတီတိုင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တရားလိုပြုတိုင်ကြားခဲ့သဖြင့် လပွတ္တာမြို့မ ရဲစခန်းက အာမခံပေး၍မရသော ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ဖမ်းဆီးကာ စစ်ဆေးလျက်ရှိသည်။ 

R-04