News

POST TYPE

NEWS

ပွင့်ဖြူတွင် ဧရာဝတီမြစ်ကမ်းပါးများပြိုမှုကြောင့် အိမ်ခြေ ၁၃၀ ကျော် ရွှေ့ပြောင်း
27-Feb-2020


မကွေး၊ ဖေဖော်ဝါရီ ၂၆

မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးများ ပြိုကျမှုကြောင့် သံကိုင်းကျေးရွာအုပ်စု သိမ်ကုန်းကျေးရွာမှ အိမ်ခြေ ၁၃၀ ကျော် ရွှေ့ပြောင်းနေရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နှစ်မှစတင်ကာ ကမ်းပါးများ ဆက်လက်ပြိုကျနေရာ ကျေးရွာဒေသခံများအတွက် နေအိမ်များရွှေ့ပြောင်းရန် အခက်အခဲဖြစ်ရပြီး သီးနှံစိုက်ပျိုးမြေများလည်း ဆုံးရှုံးနေရကြောင်း သိမ်ကုန်းကျေးရွာမှ ဦးသန်းကိုဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်ကတည်းက ပြိုတာ၊ အခုအချိန်အထိပဲ။ ကျွန်တော့်အိမ်ဝိုင်းလည်း နည်းနည်းပဲ ကျန်ပါတော့တယ်။ အခု အိမ်တွေရွှေ့ပြီးတာတောင် ထပ်ပြိုနေတာ။ အခက်အခဲ တော်တော်ဖြစ်နေပါတယ်။ လုပ်စားရမယ့်မြေလည်း မရှိတော့ဘူး”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ ဒေသခံများ၏နေအိမ်များ ရွှေ့ပြောင်းနေရခြင်းနှင့်ပတ်သက်၍ မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်းက “သံကိုင်းကျေးရွာမှာ ကမ်းပါး ပြိုနေတယ်။ ဆောင်ရွက်မယ့် အစီအမံတွေကို သက်ဆိုင်ရာကို တင်ပြပြီး ကွင်းဆင်း တိုင်းတာဖို့ လုပ်နေပါတယ်။ ရေလမ်းပုံ ထွက်ပြီးတော့မှ ဘယ်လို ကာကွယ်ရမယ်ဆိုတာ ပြောလို့ရမယ်” ဟု ပြောကြားသည်။

မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနှင့် ကမ်းပါးပြိုကျမှုများကို ထိန်းသိမ်းရန် ကျပ်သန်း ၂၅၀၀ အသုံးပြရန် လျာထားကြောင်း ယင်းဌာနထံမှ သိရသည်။ 

R-10