News

POST TYPE

NEWS

မြန်မာ့စီးပွားရေးဘဏ်မှ ဒုကြီးကြပ်ရေးမှူးက ကျပ်သိန်းတစ်ထောင်ကျော် ခိုးထုတ်ကာထွက်ပြေး
26-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

အင်းစိန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ဒုကြီးကြပ်ရေးမှူးတစ်ဦးမှာ ကျပ်သိန်းတစ်ထောင်ကျော် ခိုးယူပြီး ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖေဖော်ဝါရီ ၂၅ ရက်က အင်းစိန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသူ ဦးတင်ဝင်းမှာ အင်းစိန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ဒုကြီးကြပ်ရေးမှူးဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်က ယင်းဘဏ်မှ ချေးငွေရယူထားသူ ငါးဦး ဘဏ်သို့လာရောက်ပြီး ငွေသွင်း/ငွေထုတ် စာရင်းများကို စစ်ဆေးရာမှ ဒုကြီးကြပ်ရေးမှူး ဦးတင်ဝင်းက ငွေများခိုးယူသွားကြောင်း စစ်ဆေးသိရှိခဲ့သည်။

ဒုကြီးကြပ်ရေးမှူးဖြစ်သူ ဦးတင်ဝင်းမှာ ဘဏ်မှ ချေးငွေထုတ်သူ ငါးဦး၏ စာရင်းထဲရှိ ကျပ်သိန်းတစ်ထောင်ကျော်ကို ၎င်းမှ လက်မှတ်အတုများပြုလုပ်ရေးထိုး၍ ငွေထုတ်ယူသွားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသော ဦးတင်ဝင်းကို ဖမ်းဆီးအရေးယူပေးပါရန် မြန်မာ့စီးပွားရေးဘဏ်မှ ခရိုင်မန်နေဂျာတစ်ဦးက တရားလိုပြု အမှုဖွင့်တိုင်ကြားထားကြောင်း အင်းစိန်မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၄၀၉ (ပြည်သူ့ဝန်ထမ်းဖြစ်စေ၊ ဘဏ်တိုက်စိုးဖြစ်စေ စသည့်သူတို့မှ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးကို ဖောက်ဖျက်ကျူးလွန်မှု) ဖြင့် အမှုဖွင့်အရေးယူစုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

S-03