News

POST TYPE

NEWS

AA ခေါင်းဆောင်၏ ဇနီးနှင့်မိသားစု ဆွစ်ဇာလန်တွင် ခိုလှုံခွင့်ရ
26-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ  ၂၆

ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ခေါင်းဆောင်ထွန်းမြတ်နိုင်၏ ဇနီးနှင့်သားသမီး ၂ ဦးကို ဆွစ်ဇာလန်နိုင်ငံက နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ကာ ၎င်းတို့အနေနှင့် ထိုင်းနိုင်ငံမှ ထွက်သွားပြီဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံမှ သိရသည်။

AA ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူ မနှင်းဇာဖြူ နှင့် သားသမီး ၂ ဦးကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အစီအစဉ်နှင့် ဘန်ကောက်မှဆွစ်ဇာလန်နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထွက်ခွာသွားသည်။

ယင်းသို့ AA လက်နက်ကိုင်ခေါင်ဆောင်၏ ဇနီးနှင့်သားသမီး ၂ ဦး ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ခွာသွားသည့်သတင်းကို တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း အတည်ပြုပြောကြားခဲ့ပြီး UNHCR အစီအစဉ်နှင့် ဆွစ်ဇာလန်နိုင်ငံကဲ့သို့ တတိယနိုင်ငံတွင် ခိုလှုံခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ တတိယနိုင်ငံကို ခိုလှုံခွင့်ပေးသည့်အပေါ်လည်း ကန့်ကွက်ရန်မရှိကြောင်း ၎င်းကပြောကြားသည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ AA လက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

မနှင်းဇာဖြူနှင့် သားသမီး ၂ ဦးတို့ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် နေထိုင်ခွင့်လာရောက်သက်တမ်းတိုးစဉ် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ထိုင်းအာဏာပိုင်များအနေနှင့် မြန်မာနိုင်ငံသို့ ပြန်လွှဲပေးခဲ့ခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်သည်။

၎င်းတို့ကို ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကုလသမဂ္ဂကဒုက္ခသည်အနေနှင့် အသိအမှတ်ပြုထားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဆွစ်ဇာလန်နိုင်ငံသို့ ခိုလှုံခွင့်ပေးခဲ့ခြင်းဖြစ်သည်။

AA ခေါင်းဆောင်၏ညီ ကိုအောင်မြတ်ကျော် အပါအဝင် ညီမဖြစ်သူ မမိုးနှင်းဖြူ နှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို ဖမ်းဆီးထားပြီး  လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့နေသည်ဆိုသည့် စွပ်စွဲချက်နှင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် အမှုဖွင့်စစ်ဆေးနေသည်။

S-04