News

POST TYPE

NEWS

တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု ပြန်ခေါ်သက်သေ ကိုးဦး စစ်ရန် ကျန်
25-Feb-2020


ထားဝယ်၊ ဖေဖော်ဝါရီ ၂၅

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုတွင် ပြန်ခေါ်သက်သေ ကိုးဦးကို စစ်ဆေးရန်ကျန်ရှိကြောင်း တိုင်းတရား လွှတ်တော်ရုံးထံမှ သိရသည်။

အဆိုပါ အမှုတွင် ပြန်ခေါ်သက်သေ ၂၄ ဦးကို ပြန်လည်စစ်ဆေးပေးရန် စွဲချက်တင်ခံထားရသူများ၏ ရှေ့နေများက တင်ပြထားပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ၁၃ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးတရားလွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ဆိုသည်။

“ပယ်ခဲ့တာကတော့ နှစ်ဦးဖြစ်ပြီးတော့ စစ်ဆေးရန် ကျန်ရှိတာကတော့ ကိုးဦးရှိပါတယ်” ဟု ဦးဇော်မင်းနိုင်က ပြောသညဘ်။

ပြန်ခေါ်သက်သေအဖြစ်မှ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့နှစ်ဦးကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၅ ဖြင့် အမှုလေးခု စွဲချက်တင်ထားပြီး ယင်းအမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီ တာဝန်ရှိသူများ ပါဝင်ကာ ၎င်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ- ၅၅/၆၃ ဖြင့် ဇန်နဝါရီလ ၂၁ ရက်နေ့က စွဲချက်တင်ထားသည်။

အမှု၏ ၄၉ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ရာဇဝတ်ကြီးမှု အမှတ် ၃/၂၀၁၉ အမှုမှ တိုင်းလျှပ်စစ် အင်ဂျင်နီယာ ဦးအောင်ဇော်ဦး၊ ၄/၂၀၁၉ အမှုမှ ဦးဝင်းကိုယုတို့ကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခဲ့သည်။

နောက်ရုံးချိန်းကို မတ်လ ၃ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားပြီး လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဦး၊ F22 ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်စိုးပိုင်နှင့် အင်ဂျင်နီယာ ဒေါ်သူသူမော်၊ ကော့သောင်းမြေစာရင်းရုံးမှ ဦးဝဏ္ဏထွန်း၊ သရက်ချောင်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဦးစီးမှူး အငြိမ်းစား ဦးမြင့်စိန်၊ ထားဝယ်လေဆိပ်တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးထွန်းထွန်းဝင်းတို့ကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။

Dawei Watch