News

POST TYPE

NEWS

အောင်ရဲထွေးနှင့် ခိုက်ရန်ဖြစ်ပွားမှုတွင် ကျော်ဇောဟန်မပါဟု သက်သေထွက်ဆို
25-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်၍ စွဲချက်တင်ခံထားရသော ကျော်ဇောဟန် (ခ) ကျော်ဇောမှာ အခင်းဖြစ်ပွားသည့်ညက အောင်ရဲထွေးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း မျက်မြင်သက်သေဖြစ်သူ မအေးချမ်းမြင့်က ဖေဖော်ဝါရီ ၂၅ ရက်နေ့ အရှေ့ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၂)တရားခွင်တွင် ထွက်ဆိုခဲ့သည်။

အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သက်၍ ပြန်ခေါ်သက်သေ ၁၁ ဦးအနက် ၂ ဦးကို ပယ်ခဲ့ကာ ခုနှစ်ဦးမြောက်အဖြစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် စွဲချက်တင်ခံရသူ ကျော်ဇောဟန် (ခ) ကျော်ဇော၏ ချစ်သူ မအေးချမ်းမြင့်အား ဝရမ်းထုတ်ဆင့်ပြီး သုံးကြိမ်မြောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မအေးချမ်းမြင့်က “အခင်းဖြစ်တဲ့ညက ကျွန်မနဲ့ ကျော်ဇောဟန်က VVIP စင်အောက်မှာ ကနေတာ။ ကျော်ဇော်ဟန်က ကျွန်မနဲ့ တောက်လျှောက်ရှိတဲ့အတွက် ခိုက်ရန်ဖြစ်ပွားခြင်းမရှိခဲ့ပါဘူး။”ဟု တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်၍ နောက်ရုံးချိန်းကို မတ်လ ၃ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ပြီး ကျန်ရှိနေသေးသည့် ပြန်ခေါ်သက်သေ ၂ ဦးအား စစ်ဆေးသွားမည်ဖြစ်ကြောင်း ယင်းတရားရုံးမှ သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇောတို့သုံးဦးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် လူသတ်မှုပုဒ်မ ၃၀၂ (၂)၊ အားပေးကူညီမှုပုဒ်မ ၁၁၄ ဖြင့် စွဲချက်တင်ခဲ့သည်။

သန်းထွဋ်အောင် (ခ) သားကြီးပါ ၃ ဦးက အဆိုပါစွဲချက်အပေါ် ကျေနပ်မှုမရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးတိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာ ၁၃ ရက်တွင် သန်းထွဋ်အောင်(ခ)သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့နှစ်ဦးကို အပြင်းအထန်နာကြင်စေမှု ပုဒ်မ ၃၂၅၊ ကျော်ဇောဟန် (ခ) ကျော်ဇောကို အားပေးကူညီမှုပုဒ်မ ၃၂၅/၁၁၄ ဖြင့် ပြောင်းလဲစွဲချက်တင်ခဲ့သည်။

လက်ရှိတွင် အရှေ့ပိုင်းခရိုင်တရားရုံးက သန်းထွဋ်အောင် (ခ) သားကြီးပါ ၃ ဦးကို တစ်ဦးလျှင် ကျပ်သိန်းတစ်ရာဖြင့် အာမခံပေးထားပြီး ပြန်ခေါ်သက်သေများကိုစစ်ဆေးနေခြင်းဖြစ်သည်။

သရုပ်ဆောင် အောင်ရဲထွေးသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးည) က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ The One Entertainment Park ၌ ပြုလုပ်သည့် ပါတီပွဲတွင် အုပ်စုဖွဲ့ဝိုင်းဝန်းကန်ကြောက်ခံခဲ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်သေဆုံးခဲ့သည်။

J-04