News

POST TYPE

NEWS

နည်းပညာခေတ်တွင် အတတ်ပညာကျွမ်းကျင်မှသာ အလုပ်အကိုင်ရမည်ဟု ပညာရေးဝန်ကြီးပြော
25-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

နည်းပညာတိုးတက်လာသောခေတ်တွင် အတတ်ပညာကျွမ်းကျင်မှုရှိမှသာ ဝင်ငွေကောင်းသော အလုပ်အကိုင်များရရှိမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

အဆိုပါအကြောင်းအရာကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ဘားအံ့မြို့ဇွဲကပင်သဘာဝဟိုတယ်၌ ပြုလုပ်ခဲ့သော ပုဂ္ဂလိကကဏ္ဍလူသားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍနှီးနှောဖလှယ်ပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နည်းပညာတိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်ရရှိမှုများ တစ်နေ့ထက်တစ်နေ့လျော့နည်းလာပြီး အတတ်ပညာကျွမ်းကျင်မှုစကေးရှိမှသာ ဝင်ငွေကောင်းသော အလုပ်အကိုင်များရရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက ကရင်ပြည်နယ်တွင် သက်မွေးပညာသင်တန်းကျောင်းများအဖြစ် အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ) တွင် အောင်လက်မှတ်များပေးသည့် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာသင်တန်းများကို ပုံမှန်ပို့ချပေးနေပြီး ထို့ပြင် Motorbike Repair သင်တန်း၊ Dress Making သင်တန်း၊ အခြေခံစက်ချုပ် သင်တန်း၊ အဆင့်မြင့် စက်ချုပ်သင်တန်း၊ အမျိုးသမီးဆံပင်ညှပ်အလှပြင် သင်တန်း၊ သံဂဟေနှင့် စတီးဂဟေဆက်ခြင်း အတတ်ပညာသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း စသည်တို့ကို သင်ကြားပေးနေသည်။

ကရင်ပြည်နယ်တွင် ပညာရေးကဏ္ဍများနှင့် ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်၍ ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်နေကြောင်း ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုမောင်က ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပြည်ဝသော ဘွဲ့ရပညာတတ်များမွေးထုတ်ပေးနိုင်ရေးကို ဦးတည်၍ အမျိုးသာပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ ကိုအကောင်အထည်ဖော်နေကြောင်း ယင်းဌာနထံမှ သိရသည်။

J-02