News

POST TYPE

NEWS

ရန်ကုန်မြို့တော်စည်ပင်မှ Yangon City ရုပ်သံလိုင်းကို မကြာခင် ထုတ်လွှင့်တော့မည်
25-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အများပြည်သူများကြည့်ရှုနိုင်ရန်အတွက် Yangon City ရုပ်သံ လိုင်းကို မကြာခင် ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က The Voice သတင်းစာသို့ ပြောကြားသည်။ 

အဆိုပါ ရုပ်သံလိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်တို့က ဆွေးနွေးခဲ့ကြသည်။ 

“အမြန်ဆုံး ထုတ်လွှင့်ဖို့ ပစ္စည်းတွေ ဝယ်ဖို့လုပ်နေတယ်။ ထုတ်လွှင့်မယ့်နေရာက ရိုက်ကူးမယ့်နေရာတွေလုပ်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောသည်။ 

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာန ရန်ကုန်ရုံးခွဲအစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ ပြန်ကြားရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက Yangon City ရုပ်သံလိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၉ နှစ်ကြာ ထုတ်ဝေခဲ့သော နေ့စဉ်ထုတ်သတင်းစာဖြစ်သည့် မြို့တော်သတင်းစာကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ ရပ်နားခဲ့ပြီး အွန်လိုင်းမှ ဖတ်ကြားနိုင်သည့် သတင်းစာအဖြစ်သာ ထုတ်ဝေခဲ့သည်။ 

ယခုလက်ရှိ အွန်လိုင်းတွင် ထုတ်ဝေနေသည့် မြို့တော်သတင်းစာမှာ ရန်ကုန်မြို့တော်စည်ပင်သတင်းများအပြင် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အနုပညာ၊ နည်းပညာသတင်းများနှင့် ဆောင်းပါးများပါဝင်သည်။

S-05