News

POST TYPE

NEWS

ဘိလပ်မြေ၊ ကျောက်မီးသွေးထုတ်လုပ်ရန် ကျပ် ၃၄ သန်းတင်ပြ
25-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ဘိလပ်မြေနှင့် ကျောက်မီးသွေး ထုတ်လုပ်ရန် ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီက ငွေကျပ် ၃၄ သန်း တောင်းခံထားကြောင်း ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ထံမှ သိရသည်။

"ဘိလပ်မြေ၊ ကျောက်မီးသွေး ထုတ်ဖို့ ၃၄ သန်း တောင်းထားတယ်။ ဘဏ္ဍာရေးနှစ်အလိုက် စည်ပင်ရငွေထဲမှာ ဘိလပ်မြေက ဘယ်လောက်ဝင်တယ်၊ ကျောက်မီးသွေးက ဘယ်လောက်ဝင်တယ်ဆိုတာ တစ်ခါမှမတွေ့ဖူးဘူး။အခု အသုံးစရိတ်တင်ပြထားတယ်။ အဲဒီ အတွက် ပြန်လည်စိစစ်ဖို့လိုပါတယ်" ဟု ဒဂုံမြို့နယ်၊ အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက လွှတ်တော်တွင် ထောက်ပြဝေဖန်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သာမန်အသုံးစရိတ်ခေါင်းစဉ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း လျာထားချက်တွင် ထည့်သွင်းတောင်းခံထားခြင်းဖြစ်ပြီး ယင်းတောင်းခံမှုများ နှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၄ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက် ရယူခဲ့ခြင်းဖြစ်သည်။

စည်ပင်သာရေးကော်မတီက တောင်းခံထားမှုများမှာ အမှိုက်စွန့်ပစ်ရန် ကျပ်သန်း ၁၃၀ ၊ ကျောင်းများသို့ ရေပေးဝေရေး ၊ အသိပညာပေးရေး ၊ ဗီနိုင်းရိုက်နှိပ်ရေးနှင့် ရေပိုက်ဆက်ပစ္စည်းများ ဝယ်ယူရန်အတွက် ကျပ် ၁၄၅၉ ဒသမ ၆၂ သန်း ၊ အဆောက်အအုံပြုပြင်ရန် ၈၀၆ ဒသမ ၈၀၇ သန်း ၊ MICC ခန်းမပြုပြင်ရန် ၂၈၆၄ သန်း တင်ပြတောင်းခံထားကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။

"အမှိုက်စွန့်ပစ်ဖို့ တင်ထားတာကလည်း ပြန်လည်စိစစ်ဖို့လိုတယ်။ဘယ်နေရာက အမှိုက်ကို ဘယ်လိုစွန့်ပစ်မှာလဲ။ ကျောင်းကို ရေပေးဝေရေး၊ အသိပညာပေးရေး၊ ရေပိုက်ဆက်ပစ္စည်းတွေ အတွက်ဆိုပြီး တင်ထားတဲ့ငွေကလည်း ဗီနိုင်းရိုက်တာ ဘယ်လောက်ကုန်မှာလဲ၊ ရေပိုက်ဆက်ပစ္စည်းတွေက ဘယ်နေရာမှာ သုံးမှာလဲ ရှင်းလင်းဖို့လိုတယ်။ အဆောက်အအုံ ပြုပြင်ဖို့ဆိုတာလည်း ဘယ်အဆောက်အအုံကို ပြင်မှာလဲ။ MICC ခန်းမပြင်ဆိုပြီး တင်တာဆိုရင် အများကြီး။ အဲဒီခန်းမဝင်ငွေဟာဆိုရင်တစ်နှစ်ဝင်ငွေဟာဆိုရင် သန်း ၃၀ဝ တောင် မပြည့်ဘူး" ဟု ဦးကျော်ဇေယျက ထောက်ပြပြောဆိုသည်။

S-08