News

POST TYPE

NEWS

ယခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ်များကို ပိုမိုခွင့်ပြုပေးသွားမည်
25-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ 

ယခုနှစ် ၁၃၈၁ ပြည့်နှစ်၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ယခင်နှစ်ကထက် မဏ္ဍပ်များကို ပိုမိုခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန်ဦးစိုးလွင်က ပြောကြားသည်။ 

ယခင်နှစ်သင်္ကြန်က ပြည်လမ်းမ အပါအဝင် အခြားလမ်းမကြီးများ၌ သင်္ကြန်မဏ္ဍပ်အကြီးနှင့် အလတ်အပါအဝင် လမ်းလျှောက်သင်္ကြန်ငါးခု စုစုပေါင်း ၃၅ ခု ကို ခွင့်ပြုပေးခဲ့ပြီး ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်များကို ကားလမ်းမပိတ်သည့်နေရာများတွင် ချထားပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

"အခုက သင်္ကြန်အတွက်ပထမဆုံးအကြိမ် ဆွေးနွေးတာပဲရှိသေးတယ်။သင်္ကြန်မဏ္ဍပ်တွေကို များများလေးစည်ကားစေဖို့အတွက် ဆွေးနွေးတယ်။သင်္ကြန်လုံခြုံရေးအတွက် ဆွေးနွေးတယ်။လမ်းလျှောက်သင်္ကြန်တွေချပေးဖို့အတွက် မဆွေးနွေးရသေးပါဘူး" ဟုဒုတိယ မြို့တော်ဝန် ဦးစိုးလွင်က ပြောကြားသည်။ 

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများနှင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၃)တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ 

၂၀၁၉ ခုနှစ်သင်္ကြန်က ပြည်လမ်းမအပါအဝင် အခြားလမ်းမကြီးများ၌ သင်္ကြန်မဏ္ဍပ်အကြီးနှင့် အလတ်အပါအဝင် လမ်းလျှောက်သင်္ကြန်ငါးခု စုစုပေါင်း ၃၅ ခုကို ခွင့်ပြုပေးခဲ့ပြီး လမ်းလျှောက်သင်္ကြန်ကို မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီး ဥယျာဉ်၊ ဦးဥတ္တမပန်းခြံ(ကန်တော်မင်ပန်းခြံ)၊ မြကျွန်းသာပန်းခြံနှင့် အင်းလျားလမ်းတို့တွင် ကျင်းပပြုလုပ်ခွင့်ပေးခဲ့သည်။

S-05