News

POST TYPE

NEWS

မြို့နေပြည်သူများကိုယ်တိုင် ဥပဒေလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ရန်လိုဟု ရန်ကုန်မြို့တော်ဝန်ဆို
24-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ 

ရန်ကုန်မြို့တော်ကြီး သန့်ရှင်းသာယာလှပ၍ နေချင့်စဖွယ်မြို့တော်ကြီးဖြစ်ပေါ်လာစေရန် မြို့နေပြည်သူများကိုယ်တိုင် ဥပဒေကိုလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

“မြို့တော်သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျရှိရေးအတွက် မြို့နေလူထု၊ သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာပေးပြီး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရန် လိုအပ်ပါတယ်။ ဒါမှသာ သန့်ရှင်းသာယာလှပပြီးတော့ နေချင့်စဖွယ်မြို့တော်ကြီး ဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီအနေနှင့် ၂၀၁၈ ခုနှစ် စည်ပင်သာယာရေးဥပဒေပါ ရည်ရွယ်ချက်များအတိုင်း ကော်မတီအဆင့်ဆင့်၏ ဦးဆောင်မှုဖြင့် စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်၍ မြို့နေလူထု၏ အဆင့်အတန်းပြောင်းလဲတိုးတက်စေရန်၊ နိုင်ငံတကာမြို့တော်ကြီးများကဲ့သို့ သန့်ရှင်းသာယာလှပ၍ နေချင့်စဖွယ်မြို့တော်ကြီး ဖြစ်ပေါ်လာစေရန် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေသော်လည်း တိုးပွားလာသော ယာဉ်စီးရေများ၊ စည်းကမ်းမဲ့လမ်းဘေးဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်အန္တရယ်များ နေ့စဉ်ကြုံတွေ့နေရသည့်အပြင် ယာဉ်ရပ်နားရန်စနစ်ကျမှု အခက်အခဲများဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

၂၀၁၈ ခုနှစ်က ပြဋ္ဌာန်းထားသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေတွင် မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် ယာဉ်သွားလာခြင်း၊ ရပ်နားခြင်းကို အနှောင့်အယှက်ဖြစ်စေသည့် အတားအဆီးမပြုရဟု ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ပထမအကြိမ်ကျူးလွန်မှုအတွက် ငွေဒဏ်ကျပ် ၁ သိန်းမှ ကျပ် ၅ သိန်းအထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကာ ဆက်လက်ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

S-08