News

POST TYPE

NEWS

ရခိုင်တွင် အင်တာနက်ဖြတ်တောက်မှုအရေး ဆန္ဒပြကျောင်းသားများကို ဖမ်းဆီး
24-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ဒေသအတွင်း စာသင်ကျောင်းပေါ်လက်နက်ကြီးကျမှု၊ အင်တာနက်ဖြတ်တောက်ခံရမှု စသောကိစ္စများနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၃ ရက်တွင် (ယမန်နေ့)ဆန္ဒပြခဲ့သော ကျောင်းသား၊ ကျောင်းသူ ၉ ဦးကို ကမာရွတ်ရဲစခန်းမှ ငြိမ်းစုစီပုဒ်မ ၁၉ နှင့် အမှုဖွင့်ထားပြီး ဖေဖော်ဝါရီ ၂၄ ရက်နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ရခိုင်ဒေသအတွင်း စာသင်ကျောင်းပေါ်လက်နက်ကြီးကျမှု၊ အင်တာနက်ဖြတ်တောက်ခံရမှု၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ လွတ်လပ်စွာသတင်းရယူခွင့်တို့ကို အစိုးရမှအမြန်ဆုံးဖြေရှင်းပေးရန် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) တို့ ဦးဆောင်၍ ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတွင် လှိုင်မြို့နယ်ဆင်ရေတွင်း မှတ်တိုင်မှ လှည်းတန်းစင်တာအထိ ချီတက်ဆန္ဒပြခဲ့ကြသည်။



ယင်းဆန္ဒပြမှုတွင် ဦးဆောင်ခဲ့သော ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကိုနောင်ထက်အောင်၊ ကိုအောင်ပြည်စုံဖြိုး၊ ကိုဇော်ထက်နိုင်၊ မနှင်းနု၊ မအေးမြတ်မွန်ကျော်၊ ရန်ကင်းပညာရေးကောလိပ်မှ ကိုသုတစိုး၊ ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကျော်လင်း၊ ကိုမြတ်ဟိန်းထွန်းနှင့် တောင်ငူပညာရေးကောလိပ်မှ ကိုသက်တင်အောင်တို့ကို ငြိမ်းစုစီပုဒ်မ ၁၉ နှင့် ကမာရွတ်ရဲစခန်းမှ ရဲမှူးသိန်းဟန်က တရားလိုလုပ်၍ တရားစွဲဆိုထားကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်အတွင်းသို့ အရပ်ဝတ်များဖြင့် ရဲတပ်ဖွဲ့ဝင်များက ကိုနောင်ထက်အောင်နှင့်ကိုသုစိုးကို အရင်ဆုံးလာရောက်ခေါ်ယူခဲ့ပြီး မကြာမီအချိန်အတွင်း ကိုအောင်ပြည်စုံဖြိုး ကိုဇော်ထက်နိုင်၊ မနှင်းနု၊ မအေးမြတ်မွန်ကျော်တို့ကိုလာရောက်ခေါ်ယူခဲ့ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုဇော်ထက်နိုင်က ပြောသည်။

“အခုရဲစခန်းရောက်နေတာက ကျွန်တော်အပါအဝင် ၆ ယောက်ရှိပြီ မိန်းကလေးနှစ်ရောက်ပါတယ်။ ဆွဲသွားတဲ့လူတွေက တိတိကျကျပြောရမှာပေါ့ ဘယ်လိုပုံစံနဲ့ဖမ်းတယ် ဘယ်လိုကြောင့်ဖမ်းတယ်ဆိုတာ အခုက မိန်းကလေးနှစ်ယောက်ကို ဓာတ်ပုံထဲမှာတွေ့လို့ဖမ်းတာဆိုပြီးပြောတယ်။ တရားဥပဒေက ကွဲပြားနေပြီလားပေါ့” ဟု ၎င်းကပြောသည်။



ယင်းဆန္ဒပြမှုတွင်ကျောင်းသား ၁၀၀ ခန့်ပါဝင်၍ တိုင်းရင်းသားများကို ဖိနှိပ်နေသော အမျိုးသားရင်ကြားစေ့ရေး အလိုမရှိ၊ စစ်တပ်အာဏာကြီးစိုးနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင်မည်လော၊ သံသယဖြင့် ဖမ်းဆီးထားသူများချက်ချင်းလွှတ်စသည့်တို့ကို ရေးသားထားသော စာရွက်များကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ကျောင်းသားများအနေဖြင့် အာမခံယူသွားမည်မဟုတ်ပဲ မှန်ကန်သော တရားဥပဒေရှိနေပြီဆိုလျှင် ဥပဒေလမ်းကြောင်းအရ ရင်ဆိုင်သွားမည်ဖြစ်သည်။ ယခုတရားစွဲဆိုခံရမှုတွင် ဦးဆောင်သူများအပြင် ဝန်းရံသူများကိုပါ ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။



“ကျွန်တော်ကတော့ အမှုကိစ္စနဲ့ပတ်သက်ပြီး စစ်စရာရှိတာစစ်တယ်၊ လုပ်စရာရှိတာလုပ်နေတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာ”ဟု ကမာရွတ်ရဲစခန်းမှ ရဲမှူးသိန်းဟန်က ပြောသည်။

ယခုလက်ရှိတွင် ရခိုင်ဒေသအတွင်းစစ်ဘေးရှောင်သူဦးရေမှာ ၁ သိန်းကျော်အထိရှိလာခဲ့ပြီး စစ်ဘေးရှောင်စခန်း ၁၂၀ ခန့်ရှိလာခဲ့သည်။

J-02