News

POST TYPE

NEWS

ပထမဦးဆုံး မြေအောက်လမ်းကူးလူသွားဥမင် (Underpass) တည်ဆောက်ခြင်း ပန္နက်တင်
24-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

ရန်ကုန်မြို့၏ ပထမဦးဆုံး မြေအောက်လမ်းကူး လူသွားဥမင် (Underpass) တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ ပညာရေးတက္ကသိုလ်အနီးတွင် ဖေဖော်ဝါရီ ၂၃ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ မြေအောက်လမ်းကူးလူသွား ဥမင် (Underpass) တွင် ဈေးဆိုင်ခန်း ၁၃ ခန်းကိုပါ ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ပြီး ယင်းမြေအောက်လမ်းစီမံကိန်းတစ်ခုလုံး၏ ဘတ်ဂျက်အတွက် ကျပ် ၁၂၆ သန်းကုန်ကျမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ 

မြေအောက်လမ်းကူးလူသွားဥမင်အမြင့်မှာ ၁၁ ပေ၊ ပင်မဥမင်အကျယ်မှာ ပေ ၄၀၊ ပင်မဥမင်လူသွားလမ်းအကျယ် ၁၉ ပေ ၈ လက်မ၊ ပင်မဥမင်အလျား ၁၂၆ ပေ ၁၀ လက်မနှင့် ဝင်ပေါက်၊ ထွက်ပေါက် ၄ ခု ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

မြေအောက်လမ်းကူးလူသွားဥမင် (Underpass) တွင် စက်လှေကား ၃စင်းနှင့် မသန်စွမ်းသူများအတွက် သွားလာနိုင်ရန်အတွက်လည်း ဓာတ်လှေကား ၂ စင်း၊ စီစဉ်ပေးသွားမည်ဖြစ်ပြီး ယင်းမြေအောက်လမ်း တည်ဆောက်ပြီးစီးပါက တစ်နာရီလျှင် လူပေါင်း ၆၀၀၀ ကူးသန်းနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

မြေအောက်လမ်းအတွက် ဒီဇိုင်းကို စင်ကာပူနိုင်ငံကုမ္ပဏီက ရေးဆွဲထားတာဖြစ်ပြီး ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီက စီမံကိန်းတွဲဖက် ကုမ္ပဏီအနေနှင့် အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်သည်။ 

MS-05