News

POST TYPE

NEWS

ဆွစ်ဇာလန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်း အစည်းအဝေးပြုလုပ်မည်
23-Feb-2020
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်း အစည်းအဝေးကို အောက်တိုဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ် (Myanmar’s Second Trade Policy Review) ကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ နှင့်တွေ့ဆုံ၍ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများတင်ပြရန်နှင့် ဆွေးနွေး ရန်အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက အသင်းချုပ်သို့ လာရောက်တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်သည် အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှု နှင့် ဆက်စပ်မူဝါဒများအပေါ် သတ်မှတ်ထားသည့် အချိန်ကာလအပိုင်းအခြားအလိုက် ပြန်လည်ဆန်းစစ်လေ့လာ သုံးသပ်ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ကို အဖွဲ့ဝင်များက မဖြစ်မနေလိုက်ပါ ဆောင်ရွက်ရန်တာဝန်ရှိသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးညီညီအောင်က ပြောကြားသည်။

"အစိုးရဘက်နဲ့ ပုဂ္ဂလိကနှစ်ဖက်လုံးက တူညီတဲ့ဦးတည်ချက်ဖြစ်တဲ့ နိုင်ငံအတွက်ပိုမိုကောင်းမွန်တဲ့ အခြေအနေဖြစ်ဖို့ ဆွေးနွေးကြတာဖြစ်ပြီးတော့ ကျွန်တော်တို့နိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ရရှိဖို့ မျှော်လင့်ပါတယ်" ဟု ကုန်သည်စက်မှုအသင်းချုပ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေက ပြောကြားသည်။

အစည်းအဝေးပြုလုပ်မည့် ရည်ရွယ်ချက်သည် နိုင်ငံစုံကုန်သွယ်မှုသဘောတူ ညီချက်များပါ စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များနှင့် ကတိကဝတ်များကို ပိုမိုစွဲမြဲစွာ ထိန်းသိမ်းလိုက်နာစေရန်၊ အဖွဲ့ဝင်များ၏ ကုန်သွယ်မှုမူဝါဒများနှင့် အလေ့အထများကို ကောင်းမွန်စွာနားလည် သဘောပေါက်ခြင်းမှတစ်ဆင့် ပွင့်လင်းမြင်သာမှုကို တိုးမြှင့်နိုင်ပြီး မိမိနိုင်ငံအတွက် ပိုမိုချောမွေ့သည့် ကုန်သွယ်မှုစနစ်ကို တိုးတက်ဆောင်ရွက်နိုင်ရန်တို့ဖြစ်သည်။

S-07