News

POST TYPE

NEWS

အင်တာနက်ဖြတ်တောက်မှု ရပ်ဆိုင်းရန် စစ်တွေတွင် ဆန္ဒပြ
23-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်များတွင် အင်တာနက်ဖြတ်တောက်ထားခြင်းကို ရပ်ဆိုင်းပေးရန် စစ်တွေမြို့တွင်  ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက လူအင်အား ၃၀ဝ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်နှင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းကာ စစ်တွေမြို့ ဘုရားကြီးကွင်းမှ ဦးဥတ္တမပန်းခြံအထိ လမ်းလျှောက်ချီတက် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် တည်ထောင်သူ ကိုသန်းလှက“ အင်တာနက်ဖြတ်တောက်ထားတော့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးတွေ အများကြီး ဆုံးရှုံးရတယ်။အဲ့ဒါကြောင့်  အင်တာနက်အရေးတကြီး လိုအပ်တဲ့အတွက် ပြန်ဖွင့်ပေးရန် တောင်းဆိုတာဖြစ်ပါတယ်”ဟု ဆိုသည်။

အင်တာနက်ဖြတ်တောက်လိုက်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုကို အားပေးအားမြောက်ဖြစ်နေပြီး တိကျသည့်  သတင်းအရင်းအမြစ်များ မရရှိသည့်အတွက် မှန်ကန်သည့်သတင်းများ မတွေ့ရတော့ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

ဆန္ဒထုတ်ဖော်သူများသည် ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှု ရပ်တန့်ပေးရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေး၊ ပြည်တွင်းပြည်ပမီဒီယာများ လွတ်လပ်စွာ သတင်းရယူနိုင်ရေးနှင့် အသက်အန္တရာယ် လုံခြုံစွာပညာသင်ကြားနိုင်ရေး စသည့်အချက်များကို တောင်းဆို ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်  ပလက်ဝမြို့နယ်တို့ကို ဖေဖော်ဝါရီလ ၃ ရက် ညပိုင်းက အင်တာနက်လိုင်းများပိတ်လိုက်ပြီး ၂၀၁၉ ခုနှစ် ရခိုင်ပြည်နယ်တွင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့၌ အင်တာနက်လိုင်းများ ပိတ်ထားသည်မှာ ယနေ့တိုင်ဖြစ်သည်။

J-04