News

POST TYPE

NEWS

ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ၌ ကုန်ကြမ်းများမရရှိပါက စက်ရုံများယာယီပိတ်မည်
22-Feb-2020
ဓာတ်ပုံ-ပြည့်ဖြိုးမြင့်မွန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ၌ ကုန်ကြမ်းပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ဆက်လက်၍ကုန်ကြမ်းမရရှိပါက စက်ရုံများ ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

အထည်ချုပ်လုပ်ငန်းရှင်များ၏ လက်ရှိအခြေအနေနှင့် ပတ်သက်သည်များကို ဖေဖော်ဝါရီ ၂၁ ရက်က ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါအသင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲအရ ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ၌ ကုန်ကြမ်းရရှိမှုခက်ခဲနေသည့်အတွက် လုပ်သားအင်အားလျှော့ချခြင်း သို့မဟုတ် လစာမဲ့ပိတ်ရက်ရှည်ပေးခြင်း စသည့်အခြေအနေများအပြင် စက်ရုံများယာယီပိတ်သိမ်းမှုများ လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။

“တရုတ်ဘက်မှာက အခုရသမျှကိုပဲ ချုပ်ရတဲ့အနေအထားဖြစ်နေတယ်။နောက်ပြီး သူတို့အနေနဲ့ လက်ရှိမှာ တစ်လအတွင်း ကုန်ကြမ်းထုတ်နိုင်ရင်တောင် လမ်းခရီးအနေအထားအရ ပြည်တွင်းကိုရောက်ရှိဖို့အတွက် ၂ လ လောက်စောင့်ရမယ်။ အဲဒါကြောင့် မြန်မာပြည်အနေအထားနဲ့ဆိုရင် သင်္ကြန်အပြီးလောက်အထိကို အခြေအနေမကောင်းနိုင်ဘူး။ မေလလောက်မှစပြီး ကုန်ကြမ်းရရင်တောင် နိုင်ငံတကာနဲ့ လုယူရမယ့် အနေအထားဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောဆိုသည်။

ထိုကဲ့သို့သော အခြေအနေမျိုးကို လက်ရှိကိုရီးယားနိုင်ငံတွင် အလုပ်သမားနှင့် အလုပ်ရှင်သဘောတူညီမှု ရယူထားပြီး လစာမဲ့ပိတ်ရက်ရှည်ပေးခြင်း၊ အလုပ်မရှိသည့်အတွက် မဆင်းသည့်နေ့အတွက် လစာမပေးခြင်းစသည့် အနေအထားမျိုးနှင့် လုပ်ဆောင်နေကြောင်း ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွင်း၌ ဝင်ရောက်လုပ်ကိုင်သည့် ကိုရီးယားလုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံမှ အလုပ်သမား စုစုပေါင်း ၅ သိန်းကျော်ရှိပြီး စက်ရုံများအနေဖြင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အဖွဲ့ဝင်ထားသည့် ကိုရီးယား၊ တရုတ်နှင့် မြန်မာနိုင်ငံသားပိုင် စက်ရုံပေါင်း ၄၂၀ ကျော်ရှိကာ လက်ရှိတွင် ၃၀ ရာခိုင်နှုန်းခန့် ကုန်ကြမ်းမရရှိသည့်ပြဿနာကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

J-03