News

POST TYPE

NEWS

ဧရာဝတီတိုင်းတွင် နိုင်ငံသားစီစစ်ရေးကတ် တစ်သန်းကျော် ထုတ်ပေးပြီးဟု ဝန်ကြီးချုပ်ပြော
22-Feb-2020
ဧရာဝတီတိုင်းအတွင်း နိုင်ငံသားစီစစ်ရေးကတ်ထုတ်ပေးမှုတစ်သန်းပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်သူများကိုတွေ့ရစဉ်။

ပုသိမ်၊ ဖေဖေါ်ဝါရီ ၂၂

ဧရာဝတီတိုင်းအစိုးရသစ်လက်ထက် လေးနှစ်ကျော်ကာလအတွင်း နိုင်ငံသားစီစစ်ရေးကတ်(မှတ်ပုံတင်) တစ်သန်းကျော် ထုတ်ပေးနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားသည်။

ပုသိမ်မြို့တော်ခမ်းမ၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကပြုလုပ်ခဲ့သော အစိုးရသစ်လက်ထက် ဧရာဝတီတိုင်းအတွင်း နိုင်ငံသားစီစစ်ရေးကတ်ထုတ်ပေးမှုတစ်သန်းပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းအတွင်း နိုင်ငံသားစီစစ်ရေးကတ်ထုတ်ပေးမှုတစ်သန်းပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်သူများကိုတွေ့ရစဉ်။

"ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံသားစီစစ်ရေးကတ်တွေကို အသက် ၁၀ နှစ်ပြည့်ပြီးသူ အသက် ၁၈ နှစ် ပြည့်ပြီးသူနဲ့ အသက် ၁၀ နှစ်မှ ၁၈ နှစ်ပြည့်ပြီးလို့ လဲလှယ်ပေးတာတွေ စုစုပေါင်း တစ်သန်းကျော် ထုတ်ပေးနိုင်ခဲ့တယ်" ဟု ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောဆိုသည်။

နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ် တစ်သန်းပြည့်ခဲ့သည်မှာ ဒီဇင်ဘာလအတွင်းကဖြစ်ပြီး ခရီးသွားလာမှုနှင့် ကွင်းဆင်းဆောင်ရွက်နိုင်မှုအပေါ်မူတည်ကာ ကျေးလက်နှင့်မြို့ပြရှိ ကျောင်းများ၊ ရပ်ကွက်ကျေးရွာများတွင် ဆက်လက် ထုတ်ပေးမည်ဖြစ်ကြောင်း၊ ဓာတ်ပုံနှင့် စာရွက်စာတန်းကြေးမှလွဲ၍ ငွေပေးဆောင်ရန်မရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဧရာဝတီတိုင်းဦးစီးမှူး ဦးစိုးပိုင်မြင့်က ပြောကြားသည်။

ပြည်သူများအနေနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဥပဒေနှင့်အညီရရှိစေရန် “သစ္စာ” စီမံချက်ဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုလက်မှတ်နှင့် ဧည့်နိုင်ငံသားလက်မှတ်စသည့် ကတ်အမျိုးအစားသုံးမျိုးကို ၂၀၂၀ ဇန်နဝါရရီလအထိ ကတ်တစ်သန်းခြောက်သောင်းကျော် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်း နိုင်ငံသားစီစစ်ရေးကတ်ထုတ်ပေးမှုတစ်သန်းပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်သူများကိုတွေ့ရစဉ်။

“မှတ်ပုံတင်မရှိရင် ခရီးသွားလာဖို့ကအစ မဲပေးဖို့အထိ ခက်ခဲတယ်။ လွယ်ကူတယ်၊ မြန်ဆန်တယ် ငွေကုန်သက်သာတယ်ဆိုရင် နိုင်ငံသားအားလုံး မှတ်ပုံတင်လုပ်ချင်သူတွေချည်းပါ” ဟု တစ်သန်းပြည့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခွင့်ရရှိခဲ့သူ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ဆားချက်ကျေးရွာအုပ်စု ၊ ချမ်းသာအေးကုန်းကျေးရွာမှ စောဆာဘလုမူးက The Voice သို့ပြောကြားသည်။

ဧရာဝတီတိုင်းအတွင်း၌ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ အသက် ၁၀ နှစ်ပြည့်ပြီးသူ ၃၇၀၇၅၀ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၂၅၉၈၂၈ ဦး ၊ အသက် ၁၀ နှစ်ပြည့်မှ ၁၈ နှစ်ပြည့် လဲလှယ်ဆောင်ရွက်ပေးခဲ့သူ ၁၄၂ ၂၂၉ ဦး ၊ နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး ၊ ပျက်စီးသဖြင့် မိတ္တူဆောင်ရွက်ပေးရသူ ၂၈၈၃၄၆ ဦးအပါအဝင် စုစုပေါင်း ၁၀၆၁၁၀၈ ဦးကို  နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှတ်တမ်းအရ သိရသည်။

R-04