News

POST TYPE

NEWS

နိုင်ငံတော်သမ္မတ၏ အိန္ဒိယခရီးစဉ်တွင် MoU ၆ ခု လက်မှတ်ရေးထိုးမည်
22-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယနိုင်ငံသို့ သွားရောက်မည့် ချစ်ကြည်ရေးခရီးစဉ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာ (MoU) ၆ ခု လက်မှတ်ရေးထိုးရန် ဆွေးနွေးထားကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနှင့် အိန္ဒိယနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး နားလည်မှုစာချွန်လွှာ (MoU) ၆ ခု လက်မှတ်ရေးထိုးရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးဖြစ်ရန် အလားအလာများပြီး နောက်ထပ်ညှိနှိုင်းနေသည့် MoU များလည်းရှိကြောင်း၊ အချိန်မီပါက နောက်ထပ် MoU များပါ ယခုခရီးစဉ်အတွင်း လက်မှတ်ထိုးရန်ရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

နှစ်ဖက်ညှိနှိုင်းထားသည့် MoU များမှာ မြန်မာနိုင်ငံက ဟူးကောင်းတောင်ကြား ကျားထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်၊ Quick Impact Project များအတွက် အိန္ဒိယနိုင်ငံက ထေက်ပံ့မှုပေးအပ်ရန်၊ ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့နယ်၊ ဂွမြို့နယ် ဖွံဖြိုးတိုးတက်ရေးအတွက် အကူအညီများပေးအပ်ရန်၊ ရခိုင်ပြည်နယ်ရှိ မြို့ ၅ မြို့ကို ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးရန်၊ ဘူးသီးတောင်မြို့ထဲတွင် လမ်းဖောက်လုပ်ရေးကိစ္စနှင့် ဆေးဝါးသုတေသန ကိစ္စရပ်များတွင် အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် သမ္မတဦးဝင်းမြင့်၏ အဆိုပါ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် နေပြည်တော်မှ စတင်ထွက်ခွာ၍ နယူးဒေလီသို့ ရောက်ရှိမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက်တွင် ဖေဖော်ဝါရီလ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံသမ္မတနှင့် တွေ့ဆုံမည်ဖြစ်ပြီး သမ္မတဦးဝင်းမြင့်အနေနှင့် ဂါယာနှင့် တာ့ချ်မဟာတို့သို့ သွားရောက်မည်ဖြစ်ကြောင်း ခရီးစဉ်နှင့်ပတ်သက်၍ သမ္မတရုံးက သတင်းထုတ်ပြန်သည်။

S-04